တောင်ငူ အောက်တိုဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက တောင်ငူမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ထိုသို့ကျင်းပရာတွင် တောင်ငူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး နော်ဖောဇာအေးက အဖွင့်အမှာစကားပြောကြားပြီး တောင်ငူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ပြီး မဆုယဥ်မွန်(Grade -11)က “လူငယ်နှင့် စာဖတ်ခြင်း”၊ မကြည်သာမြင့်မိုရ် ( Grade- 10) က “လူငယ်နှင့် မူးယစ်ဆေးဝါး”၊ မောင်ကျော်ဘုန်းခန့်(Grade- 11) က “လူငယ်နှင့်အားကစား”၊ မောင်ဝေယံအောင် (Grade-11)က “လူငယ်နှင့် ပေါင်းသင်း ဆက်ဆံရေး”စသည့်ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးကြသည်။
ထို့နောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြပြီးနောက် ဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ (၄) ဦးအား တာဝန်ရှိသူများမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
အဆိုပါလူငယ်စကားဝိုင်းအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ် စာစောင်များအား ကျောင်းသား၊ ကျောင်းသူများမှ ကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)