ဘိုကလေးမြို့နယ်တွင် ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဂုဏ်ထူးဖြင့်အောင်မြင်ကြသူများနှင့် အောင်ချက် အကောင်းဆုံးကျောင်းများ၊ ဂုဏ်ထူးရရှိအောင် သင်ကြားပေးသော ဆရာ/မများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ ကျင်းပ

ဘိုကလေး အောက်တိုဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၏ ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ကြသော ကျောင်းသား/သူများနှင့် မြို့နယ်တွင်းရှိ အောင်ချက်အကောင်းဆုံးကျောင်းများ၊ ဂုဏ်ထူးရရှိအောင်သင်ကြားပို့ချခဲ့သော ဆရာ/များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားအားယမန်နေ့နံနက် (၉)နာရီ အချိန်တွင် ဘိုကလေးမြို့နယ်၊ မြို့တော်ခန်းမတွင်ကျင်းပဆောင်ရွက်သည်။

အခမ်းအနားသို့ ဖျာပုံခရိုင်ပညာရေးမှူး ဦးဝင်းအောင်၊ ဘိုကလေးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းလှိုင်နှင့် ကော်မတီဝင်များ၊ မြို့နယ်ပညာရေးမှူးဦးနန်းထိုက်ကျော်နှင့် ဌာနဆိုင်ရာများ၊ ဆုလက်ခံရယူမည့်ထူးချွန်ကျောင်းသား/သူများ၊ ဆရာ/မများ၊ အခြေခံပညာကျောင်းသား /သူများ၊ ကျောင်းသားမိဘများ၊ လူမှုရေးအသင်းအဖွဲ့များ အင်အား(၃၅၀)ကျော် တက်ရောက်ကြသည်။

အခမ်းအနားကို ဘိုကလေးမြို့နယ် ၊ အ.ထ.က(၁)ကျောင်းသား/သူများက ပညာရည်ချွန် သီချင်း၊အ.ထ.က (ဟေမာန်) ကျောင်းသား/သူများက ပညာပန်းခင်းသီချင်းတို့အား သီဆို၍ ဖွင့်လှစ်ကာ ဖျာပုံခရိုင်ပညာရေးမှူး ဦးဝင်းအောင်က နိုင်ငံတော်ဖွံ့ဖြိုးရေးတိုးတက်ရေးဆောင်ရွက်သည့် အခန်းကဏ္ဍ၌ ပညာရေးသည် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်သည့်အတွက် မိမိတို့အနေဖြင့် ပညာရည်တိုးတက်မြင့် မားရေးလုပ် ငန်းစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဦးဇော်ဝင်းလှိုင်က ထူးချွန်ကျောင်းသား/သူများအနေဖြင့် စည်းကမ်းသည် လူ၏တန်ဖိုးဖြစ်သည်နှင့်အညီ ဆက်လက် လျှောက်လှမ်းရမည့် ဘဝအနာဂတ်ခရီးတွင်လည်း စာသင်ခန်းတွင် ကြုံတွေ့ခဲ့ရသည့် အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းကဟူသည့် ဆောင်ပုဒ်ကို မမေ့မလျော့ဘဲ နေထိုင်သွားရန်လိုအပ်ကြောင်း၊ မိဘဆရာသမားများ၏ ပြောဆိုဆုံးမမှုများနှင့်အညီ ကောင်းမွန်သည့် စည်းကမ်းများ၊ ကိုယ်ကျင့်တရားများနှင့် ကြိုးစားအားထုတ်ခဲ့သောကြောင့် ယခုကဲ့သို့အောင်မြင်ထူးချွန်ခဲ့ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြော ကြားသည်။

ဆက်လက်၍ ခရိုင်ပညာရေးမှူး၊ ဦးဝင်းအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊  မြို့နယ်ဌာန ဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းတို့မှ  (၃)ဘာသာ၊ (၂)ဘာသာ၊ (၁)ဘာသာ  ဂုဏ်ထူးရှင် (၅၄)ဦး၊အောင်ချက်အကောင်းဆုံး ကျောင်း(၆)ကျောင်း၊   ဂုဏ်ထူးရရှိအောင် သင်ကြားပေးသည့် ဆရာ/မ(၂၅)ဦးတို့အား ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)