ထန်းတပင်(ပဲခူး) အောက်တိုဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်သီရိမင်္ဂလာ ခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းမှ ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာဆွေးနွေးပွဲဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စိုက်ပျိုးရေးပညာရှင်များက သီးနှံထွက်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်ရေးအတွက် ပိုးသတ်ဆေးသုံးစွဲရာတွင် စနစ်တကျသုံးစွဲရေးနှင့် ဘက်စုံသီးနှံကာကွယ်ရေးစနစ်များ လိုက်နာကျင့်သုံးဆောင်ရွက်နိုင်ရေး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးကောင်းမျိုးသန့် အသုံးပြုရေး သဘာဝမြေသြဇာနှင့်သစ်စိမ်းမြေ သြဇာများထည့်သွင်းအသုံးပြုရေး ဓာတ်မြေသြဇာ စနစ်တကျအချိုးညီအချိန်ကိုက် သုံးစွဲရေးအကြောင်းများ ဆွေးနွေးကြပြီးတက်ရောက်လာ သူများမှ သိရှိလိုသည်များမေးမြန်းချက်ကို တာဝန်ရှိသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက်ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာ စောင်များ ဖြန့်ဝေပေး၍ ဆွေးနွေးပွဲသို့ စုစုပေါင်း (၁၂၈) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)