ကန့်ဘလူ အောက်တိုဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)ညောင်အိုင် ဒေါက်တာဉာဏဝရခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် အ.ထ.က(ခွဲ)ညောင်အိုင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့်ညွန့်ဝင်းက အမှာ စကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခိုင်ဇင်က လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်လင်းဆွေးနွေးပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခိုင်ဇင်က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး ကျောင်းသား/ကျောင်းသူ ငါးဦးတို့က လူငယ်နှင့်သဘာဝဘေးအန္တရာယ်၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ယဥ်ကျေးမှု၊ လူငယ်နှင့်စာရိတ္တခေါင်းစဥ်များဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား ကျောင်းသူများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သုတရသစာအုပ်စာစောင်များ၊ အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများက ဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)