မုံရွာ အောက်တိုဘာ ၂၃
နိုင်ငံ့တာဝန်များအား တစ်ထောင့်တစ်နေရာမှ တာဝန်ထမ်းဆောင်ခဲ့ကြသည့်ဌာန ဆိုင်ရာအသီးသီးမှ အငြိမ်းစားဝန်ထမ်းများ ကျန်းမာသန်စွမ်းစွာဖြင့် နေထိုင်သွားလာနိုင်ရေးနှင့် စားသောက်ရေးများ အဆင်ပြေစေရန်အတွက် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေး ပေးခြင်းနှင့် အခြေခံစားသောက်ကုန်များပေးအပ်ခြင်း အခမ်းအနားကို အောက်တိုဘာလ ၂၂ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြု လုပ်ရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ အရာထမ်း/အမှုထမ်းနှင့် တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသည့် အငြိမ်းစားဝန်ထမ်းများအား နံနက်စာကော်ဖီနှင့်မုန့်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင် ရာအသီးသီးမှ အငြိမ်းစားဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံမိတ်ဆက်စကားများ ပြောကြားကာ တာဝန်ရှိသူများနှင့်အတူ အငြိမ်းစားဝန်ထမ်း ၁၃၀၀ ဦးအား အဟာရ ဖြည့် စွက်စာကြက်ဥများအား လက်ရောက်ပေးအပ်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန်းမအတွင်း၌ မုံရွာခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အငြိမ်းစားဝန်ထမ်းများအား ဆီးချို/သွေးချို ရောဂါ၊ သွေးတိုးရောဂါ၊ အကြောနာအကြောတက်ရောဂါ၊ နှလုံးရောဂါ၊ ချောင်းဆိုးရင် ကြပ်ရောဂါများအား စစ်ဆေးကုသပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါခန်းမဝန်းအတွင်း၌ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ အငြိမ်းစားဝန်ထမ်းများအား အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ စားသုံးဆီနှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက် သာစွာဖြင့် ရောင်းချပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
အဆိုပါ တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေး ပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ပေးအပ်ခြင်းအား တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လစဉ် ဆောင်ရွက်သွားမည်ဖြစ်သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သည့် တန်ဖိုးမြှင့်စား သောက်ကုန်(Bakery)အမျိုးမျိုး ထုတ်လုပ်နည်းပညာသင်တန်း (၁၃/၂၀၂၅-၂၀၂၆) ဆင်း ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယခုလိုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းအားဖြင့် လူစွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းများလည်း ပေါ်ပေါက်လာမည်ဖြစ်ပါကြောင်း၊ သင်တန်းသား/ သင်တန်းသူများအနေဖြင့်လည်း မိမိတို့သင်ယူခဲ့သည့် ပညာရပ်များအား အသုံး ချပြီးကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လုပ်ကိုင်သွားပါက နိုင်ငံတော်၏ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သွင်းကုန်အစားထိုး ပို့ကုန်အမယ်များ မြှင့်တင်ခြင်းကိုလည်း အထောက်အကူပြုမည် ဖြစ်ပါကြောင်းနှင့် သင်တန်းမှပို့ချပေးလိုက်သည့် သင်တန်းစာများ အားလက်တွေ့ပြန်လည်အသုံးချပြီး အောင်မြင်သည့် လုပ်ငန်းရှင်များဖြစ်အောင် ကြိုးစား ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးက တန်ဖိုးမြှင့် စားသောက်ကုန်(Bakery)အမျိုးမျိုး ထုတ်လုပ်နည်းပညာသင်တန်းသို့ တက်ရောက်ခဲ့ကြ သည့် သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးထံ သင်တန်းဆင်း လက်မှတ်များအား လည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက သင်တန်းမှ ရရှိသည့် ထုတ်ကုန်ပစ္စည်းများအား သင်တန်းသူတစ်ဦးထံ ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ တန်ဖိုးမြှင့်စားသောက်ကုန်(Bakery)အမျိုးမျိုး ထုတ်လုပ်နည်း ပညာသင်တန်းသို့ တက်ရောက်ခဲ့ကြသည့် သင်တန်းသား/သင်တန်းသူများကိုယ်စား သင် တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ စု ပေါင်းမှတ်တန်းတင် ဓါတ်ပုံရိုက်ကူးကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား/ သင်တန်းသူများကိုယ်တိုင် ပြုလုပ်ထားသည့် တန်ဖိုးမြှင့်စားသောက်ကုန်(Bakery) အမျိုး မျိုးတို့အားကြည့်ရှုခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာကုန် စည်ဒိုင်သို့ရောက်ရှိရာ အစည်းအဝေးခန်းမတွင် မုံရွာကုန်စည်ဒိုင် ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ကုန်သည်များအား တွေ့ဆုံကာ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ကုန်သည်များက မုံရွာကုန်စည် ဒိုင်အတွင်း တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှထွက်ရှိသည့် သီးနှံအမျိုးမျိုးနှင့်ဆန်များ ရောင်းဝယ်ဖောက်ကား နေမှုအခြေအနေများနှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ကူညီဆောင်ရွက်ပေးရန်လိုအပ်မှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာများက မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ အသီး သီးရှင်းလင်းဆွေးနွေး ပြောကြားကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီးအတွင်းရှိ မြို့ နယ်များမှထွက်ရှိသည့် သီးနှံများနှင့်ဆန်များ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး၊ ကုန်ဈေး နှုန်းတည်ငြိမ်ရေးနှင့် လမ်းခရီးတစ်လျှောင်တွင် အကြောင်းအမျိုးမျိုးကြောင့် ခက်ခဲကြန့် ကြာမှုများ မဖြစ်ပေါ်စေရေးအတွက် တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ကုန်သည်ကြီးများအနေဖြင့်လည်း မိမိတို့လုပ်ကိုင် ဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ် အခက်အခဲများရှိပါက မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ အချိန်နှင့်တစ်ပြေးညီ တင်ပြသွားကြရန်နှင့် မိမိတို့အနေဖြင့် တင်ပြလာ သည့်အခက်အခဲများအား အဆင်ပြေချောမွေ့အောင် အကောင်းဆုံး ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ပြောကြားကာ တွေ့ဆုံပွဲသို့ တက်ရောက်လာသူများ၏ ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ ကုန်စည်ဒိုင်အတွင်း တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှထွက်ရှိသည့် သီးနှံများရောင်း ဝယ်နေမှုများအား လိုက်လံကြည့်ရှုခဲ့ပြီး ကုန်သည်ကြီးများအား ရင်းရင်းနှီးနှီး နှုတ်ဆက် ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)