ခန္တီးမြို့၌ လူငယ်စကားဝိုင်းပြုလုပ်

ခန္တီး အောက်တိုဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်များ အတွေးအခေါ်မြင့်မားလာစေရန်၊ စကားပြောစွမ်းရည်ကြွယ်ဝလာစေရန်၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးသည့် လူငယ်များ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို အခြေခံပညာအထက်တန်းကျောင်းခွဲ(နားမေတ္တာ)တွင် ယမန်နေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်းခွဲ (နားမေတ္တာ)၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယမင်းဖြူက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသီဟထက်အောင်က လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စကားဝိုင်းအားကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းထိုက်အောင်က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး Grade-10 မှ မောင်အောင်ဆန်းလင်းက လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-8 မှ မဆောင်းသဇင်လွင်က လူငယ်နှင့်ရည်မှန်းချက်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ မယုရွှေရည်က လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-8 မှ မရိုစီက လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း အကျယ်တဝင့်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဆွေးနွေးသူများနှင့်တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြသည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သုတ/ရသစာအုပ်၊ စာစောင်များ၊ မူးယစ်ဆေးဝါးများ၏ ဆိုးကျိုးအန္တရာယ်များနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား/ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

ကမ်းကီး (ပြန်/ဆက်)