ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ မဟာတန်ဆောင်တိုင်ပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၂၃

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ အောက်တိုဘာ ၂၁ ရက် မွန်းလွဲပိုင်းက မဟာတန်ဆောင်တိုင်ပွဲတော်အား ယခင်နှစ်များနည်းတူ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မဟာတန်ဆောင်တိုင်ပွဲတော်ကျင်းပရေးဦးစီးကော်မတီနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မကြာမီက ကျင်းပပြီးစီးခဲ့သည့် သီတင်းကျွတ်မီးထွန်းပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ရာတွင် ပဲခူးမြို့သူ/သားများက မိမိတို့နေထိုင်ရာ ပဲခူးမြို့၏ပုံရိပ် ထူးခြားကောင်းမွန်စေရေး ပူးပေါင်းပါဝင်ဆောင်ရွက်ကြသည်ကို မြင်တွေ့ရသည့်အတွက် အထူးဝမ်းမြောက်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရာသီအလိုက်ပွဲတော်များကို အစဉ်အလာမပြတ် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပေးလျက်ရှိပြီး မဟာတန်ဆောင်တိုင်ပွဲတော်အား ယခင်နှစ်များနည်းတူ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြို့မိမြို့ဖတို့ပူးပေါင်း၍ စတုဒီသာကျွေးမွေးခြင်း၊ ဖျော်ဖြေရေးအစီအစဉ်များအပြင် မီးပုံးပျံလွှတ်ပွဲ၊ စင်တင်တေးဂီတဖြင့်ဖျော်ဖြေခြင်း၊ ထည့်သွင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မီးပုံပျံလွှတ်တင်သည့် လေလမ်းကြောင်းအတိုင်း မီးသတ်ယာဉ်အသင့်၊ လူအသင့်ဖြင့် စနစ်တကျနေရာချထားသွားရန်လိုအပ်ကြောင်း၊ ဘာသာရေးနှင့်ပတ်သက်၍ တန်ဆောင်တိုင်ကာလ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲများ၊ မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် အခြားအလှူအတန်းပွဲများကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ကြောင်း၊ ပဲခူးမြို့၌ ယခင်နှစ်များနည်းတူ တန်ဆောင်တိုင်မီးထွန်းပွဲတော် အေးချမ်းလုံခြုံအောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများက တန်ဆောင်တိုင်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ကော်မတီအလိုက် လုပ်ငန်းတာဝန်များအား ရှင်းလင်းတင်ပြခဲ့ကြပြီး တက်ရောက်လာသည့် မြို့မိ/မြို့ဖများက ပဲခူးမြို့ အစဉ်အလာအတိုင်း တန်ဆောင်တိုင်ပွဲတော် ကျင်းပနိုင်ရေး ကဏ္ဍအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)