ပဲခူး အောက်တိုဘာ ၂၂
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်း အမှတ်စဉ်(၃/၂၀၂၅-၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် စက်မှုလယ်ယာကဏ္ဍသို့ ကူးပြောင်းရေး နည်းလမ်းပေါင်းစုံဖြင့် ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ လယ်ယာကဏ္ဍတွင် လယ်ယာသုံးစက်ကိရိယာများကို တွင်ကျယ်စွာ တိုးတက်သုံးစွဲလာသည်နှင့် အမျှ လယ်ယာသုံးစက်ကိရိယာဆိုင်ရာ အသိပညာ၊ အတတ်ပညာများကို စာတွေ့လက်တွေ့ပို့ချသင်ကြား ပေးခြင်းဖြင့် တောင်သူများအနေဖြင့် လယ်ယာသုံးစက်ကိရိယာများကို ကျွမ်းကျင်စွာ ကိုင်တွယ်သုံးစွဲလာ နိုင်ပြီး လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိလာစေရန် ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိတို့သင်ကြားရမည့် စာတွေ့၊လက်တွေ့ အသိပညာဗဟုသုတများဖြင့် လယ်ယာထုတ်ကုန် တိုးတက်မြင့်မားရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားလေ့လာသင်ကြားသွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး သင်တန်းကျောင်း ဆိုင်ရာ အချက်အလက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကာ သင်တန်း၌ စာတွေ့သင်ကြားမည့် ဘာသာရပ်ဆိုင်ရာစာအုပ်များ၊ လက်တွေ့သင်ကြားပြသ မည့် လယ်ယာသုံး စက်ကိရိယာများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အထူး) တောင်သူသင်တန်း အမှတ်စဉ် (၃/၂၀၂၅-၂၀၂၆)တွင် ပဲခူးတိုင်းဒေသကြီးမှ(၂၆)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ(၉)ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ (၁) ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ (၁) ဦး၊ မကွေးတိုင်းဒေသကြီးမှ (၁) ဦးနှင့် ရှမ်းပြည်နယ်မှ (၂) ဦး စုစုပေါင်း သင်တန်းသား(၄၀)ဦးတို့အား လက်သုံးကိရိယာ၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ ထွန်စက်ကြီး၊ Engine System, Clutch & Transmission, Front Axle, Steering& Drive Line, Rear Wheel Drive & Brake System, PTO & Hydraulic, Electrical System, Driving Method, Maintenance & Repair ထွန်ယက်ကိရိယာများ၏ အခြေခံသဘောတရားနှင့် ထွန်ယက်နည်းများကို စာတွေ့၊လက်တွေ့ သင်ကြား ပို့ချပေးသွားမှာဖြစ်ကြောင်း သိရှိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ရှေးဟောင်းသမိုင်းဝင် ဒေးစွန်ပါတောင်တော်မြတ်ကြီးသို့ တောင်တက်လမ်းဖောက်လုပ်နေမှုနှင့် ဓါတ်လှေကားတပ်ဆင်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ကံဘဲ့ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)နှင့် အခြေခံပညာအထက်တန်းကျောင်း(ဝမ်းဘဲအင်း) သို့ သွားရောက်၍ ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဆရာ/ဆရာမ လိုအပ်ချက်မရှိစေရေး၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဆရာ/ဆရာမများအတွက် သီးခြားချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)