သရက်ချောင်းမြို့နယ်၊ အ-ထ-က(ခွဲ)တီတွတ်ပြင်ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

သရက်ချောင်း အောက်တိုဘာ ၂‌၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က သရက်ချောင်းမြို့နယ်၊ အ-ထ-က(ခွဲ)တီတွတ်ပြင်ကျောင်းခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ကျောင်းသား/သူများအား လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးလင်းနိုင်ဦးက အားကစားနည်းများအကြောင်း၊ ပြေးခြင်း၏ ထိပ်တန်းအကျိုးကျေးဇူး(၁၀)ချက်၊ အားကစားပြုလုပ်ခြင်းဖြင့်ရရှိသည့် အကျိုးကျေးဇူးများအကြောင်း၊ အားကစား၏အဓိပ္ပါယ်၊ လမ်းလျှောက်ခြင်းဖြင့်ရရှိနိုင်သော အကျိုးကျေးဇူးများအကြောင်းကို ကျောင်းသား/သူများ သိရှိနားလည်စေရန်အကျယ်တဝင့် ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ကျောင်းသား/သူများအား လူငယ်နှင့် စာဖတ်ခြင်းအကြောင်းအရာများ၊ စာဖတ်ခြင်းဖြင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများအကြောင်းကို ဆွေးနွေးပြောကြားပြီးနောက် ကျောင်းသား/သူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများက အားကစားဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အားကစားပစ္စည်းများ ပေးအပ်ကာ အ-ထ-က(ခွဲ)တီတွတ်ပြင်ကျောင်းတာဝန်ခံ ဆရာ‌ကျော်ဇင်လတ်က လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)