သံတောင်ကြီး အောက်တိုဘာ ၂၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ သစ်ပင်၊ ဝါးပင်များသည် သဘာဝအတိုင်း ပေါက်ရောက်လေ့ရှိပြီး ကြက်ပေါင်သီးပင်များသည်လည်း သဘာဝအတိုင်း အလေ့အထပေါက်သည့်အပင်များ ဖြစ်သည်။ ကြက်ပေါင်သီးပင်များသည် ဥယျာဉ်ခြံများနှင့် တောတောင်များတွင်ပေါက်ရောက်ပြီး ယခုအချိန်တွင် ရာသီပေါ် ပေါ်ဦးပေါ်ဖျား ကြက်ပေါင်သီးများ ဈေးကောင်းရကြောင်း သိရသည်။
အဆိုပါကြက်ပေါင်သီးများကိုအသားဟင်းများနှင့်သော်လည်းကောင်း၊ ပုစွန်ငါးပိနှင့် ကြော်စား၍သော်လည်းကောင်း၊ အခြောက်လှန်းကာ အချဉ်ရည်အဖြစ်သောက်သုံးရာတွင်လည်းကောင်း အရသာကောင်းမွန်ပြီး ဆေးဖက်ဝင်ကာ လူအများကြိုက်နှစ်သက်သည့်သီးနှံဖြစ်သည်။ ဒေသခံပြည်သူများသည် ကြက်ပေါင်သီးများကို ခူးယူပြီး သံတောင်ကြီးမြို့ပေါ်ရှိ အသီးအနှံဝယ်ယူသူများထံတွင်လည်းကောင်း၊ တောင်ငူမြို့ရှိ ကြက်ပေါင်သီးဝယ်ယူသူများထံသို့ တင်ပို့ရောင်းချပြီး ကြက်ပေါင်သီးတပိဿာလျှင် ကျပ် (၃၀၀၀) မှ ကျပ် (၃၅၀၀) ထိရရှိသည့်အတွက် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
နော်နော်မူ