ကြံခင်းမြို့နယ်၊ ပေါက်တိုင်းကျေးရွာ၊ အ​ခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

ကြံခင်း အောက်တိုဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊  မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ပေါက်တိုင်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနှင့် Book Club အဖွဲ့ဝင်များပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာပြီး၊ ဗလငါးတန်ပြည့်စုံလာစေရန်ရည်ရွယ်ကာ ယမန်နေ့မွန်းလွဲပိုင်းက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အဆိုပါကျောင်းစုဝေးခန်းမ၌ ပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ အ.လက(ခွဲ)ကျောင်း(ပေါက်တိုင်း) ကျောင်းကော်မတီအဖွဲ့ဝင် ဦးညွန့်ဝင်းက နှုတ်ခွန်းဆက်စကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က လူငယ်ရေးရာဟောပြောပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ Book Club အဖွဲ့ဝင် ရာဇာငယ်(ကနောင်)က “လူငယ်နှင့် စာပေအကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book Club အဖွဲ့ဝင် မြန်မာနိုင်ငံစာရေးဆရာအသင်းအဖွဲ့ဝင် ဦးအေးမြင့်အောင်က “လူငယ်နှင့် ဘဝဖြည်တည်မှု” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Book Club အဖွဲ့ဝင် ဆရာဦးခင်မောင်ဌေးက “ဖြောင့်ဖြူးစေဖို့ မင်္ဂလာတရားတော်တွေ လိုက်နာကျင့်သုံးစို့” ခေါင်းစဉ်တို့ဖြင့် အသီးသီးဟောပြောခဲ့ပြီး အ.လက(ခွဲ)ကျောင်း ယာယီတာဝန်ခံ ဆရာ ဦးလင်းထင်အောင်က ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မူးယစ်အန္တရာယ် လူ့ရန်စွယ်၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများပါဝင်သော မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ အသိပညာပေးနံရံကပ်ဓာတ်ပုံနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ ရသစာအုပ်စာစောင်များကို  ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူ များကစိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)