မော်လမြိုင်ကျွန်း အောက်တိုဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ မဲရုံပြုလုပ်မည့် စာသင်ကျောင်းများတွင် မီးဘေးအန္တရာယ်ကာကွယ် ရေး ဇာတ်တိုက်လေ့ကျင့်မှုများကို အမှတ် (၄) ရပ်ကွက်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ မဲရုံ၌ ဆောင်ရွက်ခဲ့ရာ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကော်မရှင်ဥက္ကဋ္ဌ၊ ဦးသီဟန်စီ၊ အတွင်းရေးမှူး ဦးရန်မျိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ/ဆရာမများအား မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေး မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်မှုများအား သရုပ်ပြလက်တွေ့ ဆောင်ရွက်ခြင်းကို အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ (၃) နာရီက ဆောင်ရွက်ခဲ့သည်။
အဆိုပါ မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးဇော်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန် မီးသတ်ဆေးဘူးအသုံးပြုပုံနှင့် မီးဘေးအန္တရာယ် အသိပညာပေးခြင်းများကို ဆွေးနွေးပြောကြားသည်။ ထို့နောက် မီးသတ်တပ်ဖွဲ့ဝင် များပူးပေါင်း၍ လျှင်မြန်စွာမီးငြှိမ်းသတ်နိုင်ရေးနှင့်အနီးပတ်ဝန်းကျင်သို့ မီးမကူးစက်နိုင်ရန်အတွက် မီးငြှိမ်းသတ်နည်းစနစ်များကို သရုပ်ပြလက်တွေ့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)