ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အင်္ဂပူမြို့နယ်၊ ကွင်းကောက်တောင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူမည့် ဝိဇယသိဒ္ဓိကျောက်စိမ်းစေတီတော် ဘက်စုံတည်ဆောက်ရေးလုပ်ငန်းများအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနား တက်ရောက်

ပုသိမ် အောက်တိုဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်တောင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူမည့် ဝိဇယသိဒ္ဓိကျောက်စိမ်းစေတီတော် ဘက်စုံတည်ဆောက်ရေးလုပ်ငန်းများအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာရှိ သက်ရှည်ရတနာသာသနာ့ဗိမာန်တော်တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ အလှူငွေများ ပေးအပ်ခဲ့သည်။

ဦးစွာ  အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးနောက် အင်္ဂပူမြို့နယ်၊ သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ရေကျော်စန္ဒာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမဏ္ဍလထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္တုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် မဟာသဒ္ဓမ္မဇောတိကဓဇ၊ သာသနဓဇဓမ္မာစရိယ၊ ဝိနိယဝိဒူ B.A(Myanmar)၊ မဟာစည်နယ်လှည့်ဓမ္မကထိက သဒ္ဓမ္မဂုဏ်ရည်အရှင်ကုသလ ကျောက်စိမ်းဆရာတော်က တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား ကျောက်စိမ်း ဆင်းတုရုပ်ပွားတော်မြတ်များအား ပေးအပ်လှူဒါန်းခဲ့သည်။

ထို့နောက် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးမိသားစုနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ပေးအပ်လှူဒါန်းသော အလှူငွေများကို ဝိဇယသိဒ္ဓိကျောက်စိမ်းစေတီတော် တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌကလည်းကောင်း၊ ဌာနဆိုင်ရာများ၊ စေတနာရှင်ပြည်သူများ၏ လှူဒါန်းငွေများကို  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကလည်းကောင်း လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ဆက်လက်၍ မဟာသဒ္ဓမ္မဇောတိကဓဇ၊ သာသနဓဇဓမ္မာစရိယ၊ ဝိနိယဝိဒူ B.A(Myanmar)၊ မဟာစည်နယ်လှည့်ဓမ္မကထိက သဒ္ဓမ္မဂုဏ်ရည်အရှင်ကုသလ ကျောက်စိမ်းဆရာတော်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်းအမျှပေးဝေခဲ့ကာ “ဗုဒ္ဓသာသနံ စိရံတိဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားပြီးမြောက်ခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်  ဝိဇယသိဒ္ဓိကျောက်စိမ်းစေတီတော်ကြီး၏ရင်ပြင်တော်နှင့် တည်ဆောက်ရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)