လွိုင်ကော် အောက်တိုဘာလ ၂၂
ကယားပြည်နယ်အတွင်း စီမံကိန်းရည်မှန်းချက်တာဝန်များနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တို ဘာ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ဌာနဆိုင်ရာများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို ညှိနှိုင်းပေါင်းစပ်ပေးရန်၊ ရှေ့ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကိုသိရှိပြီး လုပ်ငန်းများအောင်မြင်အောင် အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရန်နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဌာနအလိုက် စီမံကိန်းရည်မှန်းချက် လုပ်ငန်းတာဝန်များ ပြီးပြတ်အောင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ပါကြောင်း၊ ပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စိုက်ပျိုး မွေးမြူရေးကို အခြေခံသည့် MSME လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများက အင်တိုက်အားတိုက် ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် စာရင်းဇယားများပြုစုတင်ပြရာတွင် ကိန်းဂဏန်းအချက်အလက်များ မှန်ကန်မှုရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်က စနစ်တကျ စိစစ်ကြပ်မတ်ရန် ဖြစ်ပါကြောင်း၊ ပွင့်လင်းရာသီ ရောက်ရှိတော့မည်ဖြစ်၍ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ထားရှိရန်၊ နွေရာသီတွင် စိုက်ပျိုးရေနှင့် သောက်သုံးရေများ ပြတ်လပ်မှုမရှိစေရေးနှင့် ရေကို အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် လိုအပ်သည်များ ကြိုတင် ပြင်ဆင် စီမံဆောင်ရွက်ထားရန်၊ ဘဏ္ဍာငွေများသုံးစွဲရာတွင်လည်း အမှန်တကယ် ဆောင်ရွက်နိုင်မည့် လုပ်ငန်းများကို လျာထား အကောင်အထည် ဖော် ဆောင်ရွက်ရန်နှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများသည် အရင်းမပျောက်မတည်ငွေဖြစ်၍ အရင်း၊ အတိုး ပြန်လည်ရရှိရေး အလေးထားဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊ မကြာမီ ကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ မဲပေးခွင့်များ ဆုံးရှုံးမှုမရှိစေရေး၊ မဲစာရင်းများ မှန်ကန်စေရေးနှင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ၊ ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲတစ်ရပ်အဖြစ် ကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူအားလုံးက အလေးထားဆောင်ရွက် ကြရန်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက မိမိတို့သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းများအကောင် အထည်ဖော် ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား အသီးသီးရှင်းလင်း တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)