ဘားအံ အောက်တိုဘာ ၂၁
လာမည့်နိုဝင်ဘာ(၇)ရက်တွင်ကျရောက်မည့် နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့နယ် နောင်ပလိန်ကျေးရွာအုပ်စု၊ သုတပညာစာကြည့်တိုက်သစ်ဖွင့်ပွဲကို အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းက ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြည်နယ်အစိုးရအဖွဲ့၏ မတည်ချီးမြှင့်ငွေကျပ်သိန်း(၂၀၀) ပြည်သူလူထုထည့်ဝင်ငွေကျပ် ၆၈၁၅၈၀ဝ စုစုပေါင်း ငွေကျပ် ၂၆၈၁၅၈၀ဝ ဖြင့် ဆောက်လုပ်ခဲ့ သည့် စာကြည့်တိုက်အဆောက်အဦကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တက်ရောက်လာသူများသည် သုတပညာစာကြည့်တိုက် အဆောက်အဦအား အမွှေးနံ့သာရည်များပက်ဖျန်းပေးကြပြီး စာကြည့်တိုက်အတွင်း သုတ၊ရသ စာအုပ်စာစောင်များအား ပညာရပ်အလိုက် ပရိဘောဂများအတွင်း စုဆောင်းထားရှိမှု၊ ဒေသခံပြည်သူများက စာကြည့်တိုက်အတွင်း စာအုပ်စာပေလာရောက်လေ့လာဖတ်ရှုနေမှုတို့ကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။
ဆက်လက်၍ အခမ်းအနားကိုကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့မတည်ငွေဖြင့် စာကြည့်တိုက်(၅)တိုက်ကိုဆောက်လုပ်သွားမည်ဖြစ်ရာ ယခုဖွင့်လှစ်သည့်စာကြည့်တိုက်သည် ဒုတိယမြောက်ဖွင့်လှစ်သည့်စာကြည့်တိုက်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများ၊ စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေးလှုပ်ရှားမှုများကို အထူးအလေးထားဆောင်ရွက်ပေးလျက်ရှိပြီး စာကြည့်တိုက်များသည် လူတန်းစားမရွေး၊ အသက်ကြီးငယ်မရွေး၊ လူမျိုးဘာသာမခွဲခြားဘဲ ဗဟုသုတရှာမှီးရာနေရာတစ်ခုဖြစ်သည့်အတွက်ကြောင့် စာကြည့်တိုက်မှစာအုပ်စာပေများကို ဖတ်ရှုပြီးဘဝတိုးတက်အောင်မြင်အောင်၊ မိမိတို့၏အနာဂတ်မျိုးဆက်သစ်လူငယ်များကိုလည်း အစဉ်အမြဲစာပေဖတ်ရှုလေ့လာနိုင်အောင် စာဖတ်သည့်အလေ့အထများစွဲမြဲလာအောင် တိုက်တွန်းပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် စေတနာရှင်အလှူရှင်များက စာကြည့်တိုက်ဖွံ့ဖြိုးရေးအတွက် ငွေပဒေသာပင်များ ပေးအပ်လှူဒါန်းကြရာ ပြည်နယ်ဝန်ကြီးချုပ်ကလက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့က သုတ၊ ရသစာအုပ်စာစောင် ၁၅၀ ကို ပေးအပ်လှူဒါန်းရာ ပြည်နယ်လူမှုရေးရာဝန်ကြီးကလက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ကာ ဘားအံခရိုင်အုပ်ချုပ်ရေးမှူးက သုတပညာစာကြည့်တိုက်အဆောက်အဦနှင့်ပတ်သက်သည့် စာရွက်စာတမ်း စာအုပ်စာစောင်နှင့်ပရိဘောဂများကို စာကြည့်တိုက်ကော်မတီထံ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် စာကြည့်တိုက်ကော်မတီဝင်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အခမ်းအနားသို့တက်ရောက်လာသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ စာကြည့်တိုက်ရှင်သန်ဖွံ့ဖြိုးရေး၊ စာဖတ်ရှိန်မြင့်တင်ရေးနှင့် စာကြည့်တိုက်ရှိ စာအုပ်စာပေများအား လေ့လာဖတ်ရှုနိုင်ရေး တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
အလားတူ ၂၀၂၅ ခုနှစ် ဘားအံမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲကို အောက်တိုဘာ ၂၀ ရက် မွန်းလွဲ ၃ နာရီက ဘားအံမြို့ လှာကမြင်ကွက်သစ်၊ ဇွဲကပင်အားကစားကွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှု ားပေးခဲ့ကြသည်။ အဆိုပါဘောလုံးပြိုင်ပွဲသို့ ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/တိုက်နယ်ကျေးရွာအုပ်စုများမှ ဘောလုံးအသင်း(၁၆)သင်း ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)