ညောင်လေးပင် အောက်တိုဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာတက်ကြွသော လူကြီးဘဝသဘောတရားကိုအခြေခံ၍ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးကြောင်း သိရသည်။
ရှေးဦးစွာ ကျန်းမာရေးစောင့်ရှောက်မှုခံယူနေသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ညောင်လေးပင်မြို့လုံးဆိုင်ရာ အာစရိယပူဇော်ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင်များ၊ ရွှေလုပ်ငန်းရှင်များအသင်းအလှူရှင်များ၊ ဆေးနှင့်ဆေးပစ္စည်းအလှူရှင် မိသားစုဝင်များနှင့် မြို့မိမြို့ဖများမှစုပေါင်း၍ ဆေးနှင့်ဆေးဝါးများ ဝိုင်းဝန်းထောက်ပံ့ပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းနှင့်အဖွဲ့ဝင်များ၊ ညောင်လေးပင်မြို့လုံးဆိုင်ရာ အာစရိယပူဇော်ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင်များ၊ ရွှေလုပ်ငန်းရှင်အသင်းအလှူရှင်များ၊ ကိုဖိုးခွား(ဆေးဆိုင်)မှ စေတနာရှင်ဆေးအလှူရှင်များနှင့် မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစောကလျာမှဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ငွေကြေးကုန်ကျမှုမရှိစေဘဲ ကျန်းမာရေးတိုးတက်ကောင်းမွန်စေရေး၊ ကိုယ်လက်လှုပ်ရှားအားကစားများ ပြုလုပ်ပေးခြင်း၊ ဆီးချိုသွေးချိုတိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ရောဂါများဖြစ်ပွားနေပါက စောလျင်စွာ ကုသခြင်းဖြင့် နောက်ဆက်တွဲဆိုးကျိုးများ မဖြစ်ပေါ်စေရေး၊ ဆောင်ရန်/ရှောင်ရန်များအား သေချာစွာသိရှိနားလည်၍ သက်တမ်းစေ့နေထိုင်သွားနိုင်စေရေးတို့အတွက် လစဉ်လတိုင်း ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိပြီး ယခုအခါတွင်လည်း လူနာအဟောင်း (၂၁၃)ဦး၊ လူနာအသစ်(၁၉)ဦး စုစုပေါင်းလူနာ(၂၃၂)ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် ( ပြန်/ဆက်)