ခန္တီး အောက်တိုဘာ ၂၁
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ဆင်သေကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၊ ယမုံနာခန်းမတွင် ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးဇော်ထွန်းနိုင်က မဲပေးစက်အသုံးပြု၍ နည်းစနစ် မှန်ကန်စွာ မဲပေးနိုင်ရေး ပြည်သူများသိရှိနားလည်စေရန် ရည်ရွယ်၍ ပြုရခြင်းဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးသိန်းထွန်းဦးက မဲပေးစက်ဖြင့် မဲပေးပုံနည်းစနစ်အား လက်တွေ့စမ်းသပ်သရုပ်ပြသရာ တက်ရောက်လာကြသည့် ပြည်သူလူထုများကိုယ်တိုင်ပါဝင် ဆောင်ရွက်ခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့်ပြည်သူများက သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက်တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြသည်။
အဆိုပါ မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းသို့ ပြည်သူလူထု(၂၅၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)