ကျွန်းစုမြို့၌ ဒေသခံများ ဝင်ငွေတိုးစေရန် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်း အခမဲ့သင်ကြား

ကျွန်းစု အောက်တိုဘာ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကျေးလက်ဒေသနေ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်ပေးပြီး ဝင်ငွေတိုးလုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို အခမဲ့ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြိတ်ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူး‌‌ပေါင်း၍ ဖွင့်လှစ်သည့် ယင်းအသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းကို အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကပကျေးရွာအုပ်စု၊ ကပကျေးရွာ (Smart Village) ၌ စတင်ဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းသည် ဒေသနှင့်ကိုက်ညီသော အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေပြီး သင်တန်းသားများသည် လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်ရောက် လုပ်ကိုင်နိုင်သည်အထိ ကျွမ်းကျင် တတ်မြောက်စေရန်၊ တစ်နိုင်တစ်ပိုင်အိမ်တွင်းမှု ကုန်ထုတ်လုပ်ငန်းများမှသည် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) အထိ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်သည်။

သင်တန်းတွင် ချောကလက်ဒိုးနတ်၊ တူနာငါးညှပ်ပေါင်မုန့်၊ မွေးနေ့ကိတ်၊ ငှက်ပျောသီးကိတ်၊ ပျားရည်အလွှာကိတ်၊ မာဖင်၊ ပူတင်းခွက်၊ အုန်းနံကထိုင်၊ ပဲချောင်းအစိမ့်၊ ငရုတ်သီးနှမ်းကပ်ကြော်၊ ထောပတ်ကွတ်ကီးအပါအဝင် ကွတ်ကီးအမျိုးမျိုး၊ ဒူးရင်းသီးအနှစ်ပါသည့် မုန့်/ပေါင်မုန့် စသည့် စားသောက်ကုန် (၁၇) မျိုး ပြုလုပ်နည်းများကို အောက်တိုဘာ ၂၀ ရက်နေ့ မှ ၂၄ ရက်နေ့ထိ သင်တန်းသူ ၂၀ ဦးအား စာတွေ့လက်တွေ့ အခမဲ့သင်ကြားပေးမည်ဖြစ်သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက  အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ‌ဒေါ်နှင်းသန္တာက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သူသူစံက သင်တန်းတွင် ပို့ချမည့်ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ကူးခဲ့ကာ သင်ထောက်ကူပစ္စည်းများအား တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)