ပူတာအိုမြို့နယ်၌ တောင်သူများအား စက်သုံးဆီဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိ

ပူတာအို အောက်တိုဘာ  ၂၁

ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်းရှိ တောင်သူများ ၂၀၂၅-၂၀၂၆ မိုးစပါးရိတ်သိမ်းခြင်းနှင့် ဆောင်းသီးနှံများထွန်ယက်စိုက်ပျိုးရာတွင် အသုံးပြုနိုင်ရန်အတွက် “ဂုဏ်ပွင့်နိုင်” စက်သုံးဆီအရောင်းဆိုင်မှ တောင်သူများအား စက်သုံးဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းအခမ်းအနားကို အောက်တိုဘာ ၂၁ရက် နံနက်၉ နာရီက  ပူတာအိုမြို့ မူလာရှီးဒီရပ်ကွက်ရှိ “ဂုဏ်ပွင့်နိုင်” စက်သုံးဆီအရောင်းဆိုင်ရှေ့၌ ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတ ဥက္ကဋ္ဌ ဦးစိုးထွန်းက အမှာစကား ပြောကြားပြီး “ဂုဏ်ပွင့်နိုင်” စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင် ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးဇော်ဇော်အောင်က တောင်သူများအား စက်သုံးဆီများ ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးထွန်း၊ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး သန်းနိုင်၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမြင့်ထွေး၊ “ဂုဏ်ပွင့်နိုင်” စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာတို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် တောင်သူများအား လယ်ယာမြေဧက (၃၇၀) အတွက် ဂါလံပေါင်း(၇၄၀)ဂါလံကို ဈေးနှုန်းသက်သာစွာရောင်းချပေးနေမှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါ “ဂုဏ်ပွင့်နိုင်” စက်သုံးဆီအရောင်းဆိုင်အနေဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇)မိတ္တူ၊ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်စိုက်ပျိုးရေးဦးစီးဌာန၏ ထောက်ခံချက်ပါရှိသော တောင်သူများအား တစ်ဧကလျှင် HSD-500 ppm စက်သုံးဆီ နှစ်ဂါလံနှုန်း၊ တစ်လီတာလျှင် ကျပ် ၅၉၀၀ နှုန်းဖြင့် နေ့စဉ်ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ဖုန်ကန်(ပူတာအို)