ကလေးမြို့တွင် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း(၂)မျိုး သင်တန်းဖွင့်

ကလေး အောက်တိုဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ လမ်းညွှန်မှုဖြင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းညွှန်ကြားမှုဦးစီးဌာနမှဖွင့်လှစ်သည့်ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း(၂)မျိုးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကလေးမြို့သိမ့်ဟိုတယ်ခန်းမတွင် ကျင်းပသည်။

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးတင့်နှင့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်တို့က အမှာစကားပြောကြားသည်။ ထို့နောက် ရန်ကုန်မြို့ MHTI သင်တန်းကျောင်းမှ သင်တန်းကျောင်းနည်းပြဆရာ ဦးကိုင်ဇာက သင်တန်းဖွင့်လှစ်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းကို သင်တန်းသား/သင်တန်းသူ ၄၅ ဦးအား နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ (၁၅) ရက် သင်ကြားပို့ချသွားမည်ဖြစ်သည်။ ကလေးမြို့နယ်တွင် ဟိုတယ် ၁၁ ခု၊ မိုတယ် တစ်ခုနှင့် တည်းခိုခန်းများဖွင့်လှစ်၍ ကလေးမြို့နယ်အတွင်း လာရောက်ကြသည့် ခရီးသွားပြည်သူများကို ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)