ကန့်ဘလူ အောက်တိုဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ပင်စင်လာရောက်ထုတ်ယူသူ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့နံနက်က ကန့်ဘလူမြို့နယ်စီးပွားရေးဘဏ်ရုံး၌ကျင်းပရာ ကန့်ဘလူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခိုင်ဦးတို့က လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကန့်ဘလူမြို့ ခုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနေမိုးနှင့်ဝန်ထမ်းများ၊ ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးမှူး ဒေါ်သန်းသန်းလတ်နှင့်ဝန်ထမ်းများက လာရောက်ပြသသူ အငြိမ်းစား ဝန်ထမ်းများအား စာရင်းမှတ်တမ်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ဆီးချိုသွေးချိုတိုင်းတာ စစ်ဆေးပေးခြင်း၊ နှလုံး၊ ဒူးနာခါးနာ စစ်ဆေးကုသခြင်းများ ဆောင်ရွက်ပြီး ရောဂါဝေဒနာရှင်အလိုက် ဆေးဝါးများပေးအပ်ခဲ့ကြောင်းနှင့် အငြိမ်းစားဝန်ထမ်းတစ်ဦးလျှင် ဆန်လေးပြည် ကိုလည်း အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း