မြဝတီမြို့ရှိ ပညာရွှေဖူး ကိုယ်ပိုင်အလယ်တန်းကျောင်း၌ Camnridge(IGCSE) Course, Singapore Math Level(3) 3A & 3B ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

မြဝတီ အောက်တိုဘာ ၂၁

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ရှိ ကျောင်းသား၊ ကျောင်းသူလေးများအား နိုင်ငံတကာအခြေခံ သင်္ချာစွမ်းရည်များ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ Cambridge(IGCSE) Course, Singapore Math Level(3) 3A & 3B ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၈ နာရီအချိန်က ပညာရွှေဖူး ကိုယ်ပိုင်အလယ်တန်းကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြဝတီမြို့နယ်၊ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်၊ မြို့နယ်ပညာရေးမှူးဦးမိုးကျော်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ ဆရာ/ဆရာမများ၊ ကျောင်းတည်ထောင်သူဥက္ကဋ္ဌ ဦးသန်းရွှေနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား၊ကျောင်းသူများ၊ ကျောင်းသား မိဘများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပညာရွှေဖူးကိုယ်ပိုင်အလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက အက၊ အလှများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။ ဆက်လက်ပြီး မြို့နယ်ပညာရေးမှူး ဦးမိုးကျော်က မြန်မာနိုင်ငံ၏ ပညာရေးပြုပြင် ပြောင်းလဲမှုများ၊ လက်တွေ့လုပ်ဆောင်နေမှုများအား ခေတ်စနစ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည် နှစ်မျိုးတည်းကိုသာ ကျင်းပရခြင်းဖြစ်ကြောင်း၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားပေးသည်။

ထို့နောက် အဆင့်မြင့် သင်္ချာစွမ်းရည်ပြိုင်ပွဲများကို ဆက်လက်ကျင်းပပြုလုပ်ရာ ၁၆-၁၀-၂၀၂၅ ရက်နေ့၌ Grade(3)မှ Grade(7)ထိ ရေးဖြေပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၅၃၉)ဦးအနက် (၁၂၆)ဦးအား စိစစ်ရွေးချယ်ကာ ၂၀-၁၀-၂၀၂၅ ရက်နေ့တွင် L.E.D Show Work Level အလိုက် မေးခွန်းများမဲနှိုက်ပြီး ဆက်လက်ယှဉ်ပြိုင်၍ သတ်မှတ်ချိန်အတွင်း ဖြေဆိုနိုင်သူ ကျောင်းသား၊ကျောင်းသူ(၁၂)ဦးအား ပထမဆု ကျပ် ငါးသိန်း၊ ဒုတိယဆု ကျပ် သုံးသိန်း၊ တတိယဆု ကျပ်နှစ်သိန်းစီဖြင့် တာဝန်ရှိသူများက Level အလိုက် ဆုများ အသီးသီးချီးမြှင့်ခဲ့ကြကြောင်းနှင့် (၂၆) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (ဗဟို)အဆင့် ကာလပေါ် (၁၀-၁၅)အဆို ပထမ ရွှေတံဆိပ်ဆုရှင် မောင်ဇွဲချစ်အောင်အား ထပ်ဆင့်ဂုဏ်ပြုငွေ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)