ကယားပြည်နယ်ဝန်ကြီးချုပ် ကျောင်းအခြေပြု ဆုံဆို့မေးခိုင်ရောဂါကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံမှု ကြည့်ရှုအားပေး

လွိုင်ကော်  အောက်တိုဘာ ၂၁

ကယားပြည်နယ် လွိုင်ကော်မြို့ အခြေခံပညာကျောင်းများ၌ ဆုံဆို့မေးခိုင်ရောဂါ ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းရောဂါကာကွယ်ဆေးထိုးနှံခြင်း ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ KG တန်းတွင် တက်ရောက်နေသည့် ကျောင်းသားကျောင်းသူကလေးငယ်များအား ဆုံဆို့မေးခိုင်ကာကွယ်ဆေးနှင့် အသက် ၉ နှစ်မှ ၁၀ နှစ်ကြား ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည့်အခြေအနေများအား ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်ကကာကွယ်ဆေးထိုးနှံရမည့် အုပ်စုဝင် ကလေးငယ်များကျန်ရှိမှုမရှိစေရေး စနစ်တကျစာရင်းများပြုစုထိုးနှံဆောင်ရွက်ပေးရန်နှင့် ကျောင်းကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း မပြတ်ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအားမှာကြားခဲ့သည်။

ယနေ့အထိ ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ KG တန်းကလေးငယ် ၈၅၀ အား ဆုံဆို့မေးခိုင်ရောဂါကာကွယ်ဆေးထိုးနှံခြင်း(DT)၊ အသက် ၉ နှစ်မှ ၁၀ နှစ် အကြား ကျောင်းသူ ၄၁၂ ဦးတို့အား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံခြင်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)