ကျွန်းစုမြို့တွင် (၃၇)​ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ကျွန်းစု အောက်တိုဘာ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အလှူရှင်များက စုပေါင်းမဟာဘုံကထိန် ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ်ကျွန်းရတနာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက ပြီးခဲ့သည့်နှစ် ၃၆ ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတွင် ပဒေသာပင် ၂၃ ပင်၊ ငွေသား ၁၀၀၂၅၀၀၀ ကျပ်နှင့် ပစ္စည်းတန်ဖိုး ‌၉၁၇၀၃၀၀ ကျပ်၊ စုစုပေါင်းတန်ဖိုး ၁၉၁၉၅၃၀၀ ကျပ် တို့အား မြို့အတွင်းလှည့်လည်ကာ သီရိမင်္ဂလာကျောင်းတိုက်သို့ ပို့ဆောင်လှူဒါန်းခဲ့ကြောင်း၊ ယခုနှစ်တွင်  နိုဝင်ဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် မြို့ပေါ်ရပ်ကွက်များအတွင်း ပဒေသာပင်များ လှည့်လည်၍ ဘုန်းတော်ကြီးကျောင်းသို့ ပို့ဆောင်မည်ဖြစ်ပြီး နိုဝင်ဘာ ၄ ရက်နေ့တွင် သီရိမင်္ဂလာကျောင်းတိုက်၌ သံဃာတော်များ ပင့်ဆောင်ကာ ကထိန်သင်္ကန်းနှင့် နေ့လယ် ဆွမ်းဆက်ကပ်လှူဒါန်းမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် စုပေါင်းမဟာဘုံကထိန်တွင် သံဃာတော်များပင့်ဆောင်၍ အလှူငွေများနှင့် ကထိန်သင်္ကန်းများ၊ ပဒေသာပင်များ စုပေါင်းလှူဒါန်းနိုင်ရေးအတွက် လုပ်ငန်းကော်မတီဝင်များက အခမ်းအနားပြင်ဆင်ရေးလုပ်ငန်း၊ ဘဏ္ဍာငွေဆိုင်ရာနှင့် ပဒေသာပင်လှူဒါန်းရေးဆိုင်ရာလုပ်ငန်း၊ သံဃာတော်များပင့်ဆောင်ရေး၊ ပဒေသာပင်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ လက်ခံဆက်ကပ်ရေး လုပ်ငန်း၊ ပဒေသာပင်များနေရာချထားရေး၊ ထိန်းသိမ်းရေးနှင့် ပို့ဆောင်ရေးလုပ်ငန်း၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေးလုပ်ငန်း၊ ကျန်းမာရေးနှင့်လုံခြုံရေးလုပ်ငန်း၊ ပဒေသာပင်များ လှည့်လည်ပူဇော်နိုင်ရေးလုပ်ငန်း၊ ဆွမ်းဆက်ကပ်လှူဒါန်းနိုင်ရေး၊ ချက်ပြုတ်ရေးနှင့် ဧည့်ခံကျွေးမွေးရေးလုပ်ငန်းစသည့်တို့ကို ရှင်းလင်းဆွေးနွေးတင်ပြရာ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ထက်မြင့်