သံတောင်ကြီး အောက်တိုဘာ ၂၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်ပြီးဒေသခံပြည်သူများမှာအများအားဖြင့် ဉယျာဉ်ခြံလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းအနေနှင့် အဓိကလုပ်ကိုင် ဆောင်ရွက်လျက်ရှိရာ ကွမ်းသီးစိုက်ပျိုးလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုနှစ်တွင်သံတောင်ကြီး ဒေသထွက်ကွမ်းသီးများမှာ မိုးအလွန်များခြင်းနှင့် မြေပြိုမှုများကြောင့် ကွမ်းသီးပင်များပျက်စီးခြင်း အသီးနုချိန်တွင် ကြွေကျခြင်းများကြောင့် အထွက်နှုန်းလျော့နည်းသော်လည်းဈေးကောင်းရရှိကြောင်း သိရသည်။
သံတောင်ကြီးဒေသတွင် ကွမ်းသီးစိုက်ပျိုးတောင်သူများအနေဖြင့် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းအနေဖြင့် ကွမ်းသီးပင်များကို စိုက်ပျိုးလျက်ရှိပြီး ကွမ်းသီးပင်များကို စိုက်ပျိုးသည့် အချိန်မှစကာ အပင်သက်တမ်း(၇)နှစ်တွင်စတင် သီးပြီး အသီးရင့်မှည့်သည့် အောက်တိုဘာမှ ဒီဇင်ဘာလတွင် ခူးယူရောင်းချလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကွမ်းသီးပင်တစ်ပင်လျှင် အရင့်မှည့်သီးများကို နှစ်ပြန်အထိခူးယူလေ့ရှိပြီး ယခင်နှစ် ကွမ်းသီးအခြောက်(ပြောင်သီး)တစ်ပိဿာကျပ်(၂၀၀၀၀) အရွေးသီးတစ်ပိဿာ ကျပ်(၂၅၀၀၀)ထောင်အထိ ရရှိသော်လည်းယခုနှစ်တွင် ကွမ်းသီးအခြောက်(ပြောင်သီး)တစ်ပိဿာကျပ်(၄၀၀၀၀)၊ အရွေးသီးတစ်ပိဿာ ကျပ်(၄၅၀၀၀)ထောင်အထိ ရရှိကြောင်းကွမ်းသီးရောင်းဝယ်လုပ်ကိုင်သူ ဦးစောသာဝါးထံ က သိရသည်။
နော်နော်မူ