ပြည်မြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပြိုင်ပွဲများကျင်းပ

ပြည် အောက်တိုဘာ ၂၁

အခြေခံပညာကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသိပညာဗဟုသုတများတိုးပွားရရှိစေမည့်စာအုပ်စာပေများကို ဖတ်ရှုလေ့လာတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်ချက်ဖြင့် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု” ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံး ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲတို့ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲများသို့ ပြည်မြို့နယ်ရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ကြကာ ကျပန်းစကားပြောပြိုင်ပွဲတွင် အထက်တန်းအဆင့် ၁၃ ဦးနှင့် အလယ်တန်းအဆင့် ၂၅ ဦး၊ စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်း အဆင့် ၁၁ ဦးနှင့် အလယ်တန်းအဆင့် ၂၂ ဦး၊ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် မူလတန်းအဆင့် ၂၉ ဦးနှင့် ပုံပြင်ပြောပြိုင်ပွဲတွင် မူလတန်းအဆင့် ၃၅ ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၃၅ ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ယင်းပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများ၏ ယှဉ်ပြိုင်နေမှုကို ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနမှ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲများအပြီးတွင် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ/ဆရာမများနှင့် မိဘအုပ်ထိန်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စာဖတ်ရှိန်မြှင့်တင်ရေး၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်သိမှတ် အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်စာစောင်များကို စိတ်ဝင်တစား လေ့လာဖတ်ရှုကြကြောင်းသိရသည်။

ကိုဆက်(ပြန်/ဆက်)