ထားဝယ်မြို့၏ ထင်ရှားကျော်ကြားသော နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်လည်ပွဲဇော်ပွဲ ထားဝယ်သူ၊ ထားဝယ်သားများ ပါဝင်ဆင်နွှဲ

ထားဝယ် အောက်တိုဘာ ၂၁

ထားဝယ်ဒေသသည် တောင်များပတ်လည်ဝိုင်းရံလျက်ရှိပြီး စိမ်းစိုလှပသော တောတောင်ရေမြေ၊ သဘာဝအလှတရားများ၊ အပမ်းဖြေနားနေစရာ လှပသာယာသောကမ်းခြေများ ထားဝယ်ရိုးရာ ယဉ်ကျေးမှုဓလေ့များနှင့်ပွဲတော်များ၊ ဘာသာရေးပွဲတော်များနှင့် ပြည့်နှက်နေသော ထားဝယ်ဒေသ တစ်ခုဖြစ်သည်။ ထို့အပြင်အလှူအတန်းများလည်းပေါများလှသည်။ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်တွင် လာရောက်ဖူးမြှော်ပြီးလေ့လာခြင်းဖြင့် ထားဝယ်လူမျိုးများအလှူအတန်း ရက်ရောကြသူများဖြစ်ကြောင်းကိုပါ တွေ့မြင်သိရှိနိုင်သည်။ ထားဝယ်တွင် ဗုဒ္ဓဘာသာကိုအများဆုံးကိုးကွယ်ကြပြီး အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် ခရစ်ယာန်ဘာသာကိုးကွယ်သူများလည်း ရှိသည်။

ထားဝယ်မြို့၌ ဆယ့်နှစ်လရာသီပွဲတော်များကို နှစ်စဉ်ကျင်းပသည်။ ထိုပွဲတော်များအနက် ထင်ရှားပြီး စည်ကားသော ပွဲတော်များဖြစ်သည့် သင်္ကြန်ပွဲတော်၊ ကဆုန်ညောင်ရေသွန်းပွဲတော်၊ ဝါဆိုကန်တော့ပွဲ၊ သီတင်းကျွတ် သပိတ်မျှောပွဲတော်နှင့် ထားဝယ်တန်ဆောင်တိုင် (နှစ်ကျိပ်ရှစ်ဆူဘုရားဒေသ စာရီလှည့်လည်ပွဲ)တို့ဖြစ်သည်။ သီတင်းကျွတ်ပွဲတော်ပြီး တန်ဆောင်တိုင်ပွဲတော်က ဆက်တိုက် ရောက်လာသည်။ တန်ဆောင်မုန်းလ၏အဓိပ္ပါယ်တွင် တန်ဆောင်’မှာ ‘မီးတိုင်’ဖြစ်ပြီး ‘မုန်း’မှာ ‘ပျံနှံ့စေခြင်း’ဟု အဓိပ္ပာယ်ရသောကြောင့် ထိုဝေါဟာရ နှစ်ခုပေါင်းစပ်လိုက်ပါက “မျက်စိတစ်ဆုံး ဆီမီးတိုင်များ ပွားများထွန်းလင်းနေသည်” ဟု အဓိပ္ပါယ်ရသော ကြောင့် မီးထွန်းပွဲကို ရည်ညွှန်းသည်။ တန်ဆောင်မုန်းလသည် မီးရှူး၊ မီးတိုင်၊ ဆီမီးတို့ကို ထွန်းလင်းတောက်ပစေသော လဖြစ်သည်။ တန်ဆောင်မုန်းလ၏ရာသီဥတုက မိုးအကုန်ဆောင်းရာသီကူးစဖြစ်သောကြောင့် ပွင့်လင်းရာသီ အစလို့လည်းခေါ်နိုင်သည်။ တန်ဆောင်တိုင်ပွဲတော်သည်လည်း သီတင်းကျွတ်သပိတ်မျှောပွဲတော် နည်းတူ စည်ကားလျက်ရှိသည်။ နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပွဲတော်သည် ထားဝယ်မြို့၏ ထင်ရှား ကျော်ကြားသော ပွဲတော်တစ်ခုဖြစ်သည်။

နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပွဲတော်တွင် မြန်မာ့ရိုးရာအိုးစည်ဒိုးပတ်ဝိုင်းများ၊ အကအဖွဲ့များ၊ စတိတ်ရှိုးပွဲများ၊ ကုန်စည်ပြပွဲများ၊ ဈေးဆိုင်ခင်းများဖြင့် စည်ကားစွာကျင်းပလာသည်မှာ ယနေ့အထိ ဖြစ်သည်။ နှစ်ကျိပ်ရှစ်ဆူ ဘုရားလှည့်လည် ပွဲတော်သည် ဗုဒ္ဓဘာသာယဉ်ကျေးမှု ပွဲတော်တစ်ရပ်ကို မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပနိုင်ခဲ့သည်မှာ ထူးခြားမှုတစ်ရပ်ဖြစ်သည်။ ထို့အတူတန်ဆောင်တိုင်ပွဲတော် နှစ်ကျိပ်ရှစ်ဆူလှည့်လည်ပူဇော်ပွဲကြီးသည် ဒေသတွင်းအထင်ရှားဆုံးပွဲတော် တစ်ခုဖြစ်သောကြောင့် ထားဝယ်ဒေသခံများ နှစ်စဉ်ပါဝင်ဆင်နွှဲလေ့ရှိသည့် ပွဲတော်တစ်ခုလည်းဖြစ်သည်။ ထားဝယ်မြို့ဘုရားကြီဂေါပကအဖွဲ့မှကြီးမှူး၍ ရပ်ကွက်ပေါင်းစုံပါဝင်သော ထားဝယ်ဒေသ၏ အထင်ကရ ပွဲတော်တစ်ခုဖြစ်သည့် (၁၁၃) ကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော်နှစ်ကျိပ်ရှစ်ဆူ လှည့်လည် ပူဇော်ပွဲကြီးကို ၁၃၈၇ ခုနှစ် တန်ဆောင်မုန် လဆန်း (၁၁) ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ (၃၁-၁၀-၂၀၂၅) ရက်နေ့မှ (၄-၁၁-၂၀၂၅ )ရက်နေ့အထိ (၅)ရက်တိုင်တိုင် ဘုရားကြီးဝင်းအတွင်း ရှေးထားဝယ်ရိုးရာ အစဉ်အလာအတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်သည်။

ထားဝယ်မြို့၏ ကျက်သရေဆောင် နှစ်ကျိပ်ရှစ်ဆူမြတ်စွာ ဘုရားရုပ်ပွားတော်များ ဒေသစာရီလှည့်လည် ပူဇော်ခံပွဲကို ကောဇာသက္ကရာဇ် ၁၂၇၁ ခုနှစ်မှစပြီးကျင်းပလာခဲ့ရာယခုနှစ်ဆိုလျှင် နှစ်ပေါင်း (၁၁၃) နှစ်တိုင်တိုင်ကျင်းပလာခြင်းဖြစ်သည်။ နှစ်ကျိပ်ရှစ်ဆူဘုရားများ လှည့်လည်ပွဲတော်အတွက် နှစ်စဉ် သီတင်းကျွတ်လဆန်း (၉) ရက်နေ့မှစ၍မြို့ပေါ် ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများသည် ဘုရားတစ်ဆူစီကိုကြိုတင် ပင့်ဆောင်ကြကာ သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာများ၏ အဓိကကျသည့်နေရာများတွင် ကိန်းဝပ်စံပ္ပာယ်တော်မူရန် ယာယီမဏ္ဍပ်များဆောက်လုပ်ကာ ပူဇော်ခံထားရှိသည်။

ထားဝယ်မြို့ရပ်ကွက်နှင့် ကျေးရွာများအတွင်းမှ စေတနာရှင်များက မိမိဒေသအတွင်း ယာယီကိန်းဝပ် စံပ္ပာယ်တော်မူသော မြတ်စွာဘုရားရုပ်ပွားတော်များအား နေအိမ်များသို့ အလှည့်ကျပင့်ဆောင်၍ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ပဒေသာပင်နှင့် ရွှေသင်္ကန်းများ ကပ်လှူပူဇော်ကြသည့် အစဉ်အလာကောင်းများလည်း ရှိသည်။ မိမိတို့ရပ်ကွက်အတွင်းမှ အချို့အိမ်များမှလည်း ပင့်ဖိတ်၍ မြတ်စွာဘုရားရုပ်ပွားတော်များအား အလှည့်ကျ ပူဇော်ခံကြသည်။ မိမိဒေသအတွင်း ကိန်းဝပ်စံပ္ပာယ်တော်မူသော နှစ်ကျိပ်ရှစ်ဆူ မြတ်စွာဘုရားရုပ်ပွားတော်များအား တန်ဆောင်မုန်းလဆန်း (၁၀) ရက်နေ့တွင် ရွှေတောင်စား စေတီဘုရားကြီးဝင်း ယာယီဂန္ဓကုဋီအဆောင်တော်သို့ ကိန်းဝပ်စံပ္ပာယ်ရန် ရပ်ကွက်နှင့်ကျေးရွာများမှ မိမိတို့ပင့်ဆောင်ထားကြသော နှစ်ကျိပ်ရှစ်ဆူမြတ်စွာဘုရားများကို အတီးအမှုတ် ကခုန်များဖြင့် ပြန်လည်ပို့ဆောင်သည်။

ထိုသို့ဘုရားကြီးဝင်းအတွင်း၌ နှစ်စဉ်တန်ဆောင်မုန်းလဆန်း (၁၁) ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့ အထိ (၃၁-၁၀-၂၀၂၅) ရက်နေ့မှ (၄-၁၁- ၂၀၂၅) ရက်နေ့အထိ တန်ဆောင်တိုင်ကာလတွင် ရဟန်းရှင်လူ ပြည်သူများ နှစ်ကျိပ်ရှစ်ဆူမြတ်စွာဘုရားရုပ်ပွားတော်များကို ပူဇော်ကန်တော့ရန် ယာယီစံကျောင်း တော်ဖြင့် ထားရှိပေးထားမှာဖြစ်သည်။ ပူဇော်ခံထားရှိသည့် ကာလအတွင်း ဈေးဆိုင်ခင်းများ၊ ဘုရားဖူး လာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

တန်ဆောင်းမုန်းလဆန်း(၁၄)ရက် (၃-၁၁-၂၀၂၅) ရက်နေ့တွင် နံနက်ပိုင်းတွင် (၁၁၃) ကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော် နှစ်ကျိပ်ရှစ်ဆူ လှည့်လည်ပူဇော်ပွဲကြီးကို လောကမာရဇိန်ဘုရားကြီး ဝင်းအတွင်း ဗုဒ္ဓရုပ်ပွားတော် ၂၈ ဆူကို အမှတ်စဉ်အလိုက်ရုပ်ပွားတော်များအား စီတန်းသည်။ ဂေါပက အဖွဲ့ဝင်များနှင့် ဒေသစာရီလှည့်လည်ပွဲအား လိုက်ပါပို့ဆောင်မည့်ဥပသကာများသည် ငါးပါးသီလခံယူ ကြသည်။ ညနေ ၆ နာရီတွင် လောကမာရဇိန်ဘုရားကြီးဝင်းအတွင်း ပူဇော်ခံထားရှိသော နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်များအား သက်ဆိုင်ရာရပ်ကွက်မှ အပူဇော်ခံအဖွဲ့များ ဝန်းရံလျက်သတ်မှတ်ထားသော လမ်းကြောင်းများအတိုင်း မြို့အတွင်းသို့ အပူဇော်ခံလှည့်လည်မည်ဖြစ်သည်။ ဘုရားအပူဇော်ခံ လှည့်လည်ရာတွင် လိုက်ပါကြသူများ၊ စတုဒီသာကျွေးမွေးကြသူများ၊ ဆွမ်းကပ်ကြသူများ၊ ငွေပဒေသာပင်များ လှူဒါန်းကြသူများ၊ ဘုရားဖူးသူများဖြင့် ထားဝယ်တစ်မြို့လုံး မီးရောင်စုံထိန်ထိန် ဝင်းလျက် ပျော်ရွှင်ကြည်နူးမဆုံးသော ညတစ်ညလည်းဖြစ်သည်။ တစ်နည်းအားဖြင့် ထားဝယ်သူ/သားများ မအိပ်သည့်ညဟုလည်း ခေါ်ဆိုနိုင်သည်။ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်သည် ဒေသ အတွင်းထင်ရှားပြီးအနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာသူများနှင့် စည်ကားသည့်ဘာသာရေးပွဲတော် တစ်ခုလည်း ဖြစ်သည်။

နှစ်ကျိပ်ရှစ်ဆူဘုရားများ မြို့အတွင်းသို့လှည့်လည်ပူဇော်ခံရာတွင်ဘုရားလှည့်လည်ရာတွင်ပါဝင်သည့် ရပ်ကွက်အချို့နှင့် ကျေးရွာ၏အမည်များကို ထားဝယ်ဒေသိယစကားဖြင့် ရေးသားဖော်ပြမှုရှိကြပြီး သရုပ်ဖော်ရုပ်လုံး ရုပ်ကြွများ၊ အတီး၊ အမှုတ်၊ အကအခုန်များဖြင့် စည်ကားသိုက်မြိုက်စွာ လှည့်လည်ခဲ့သောကြောင့် ဘုရားဖူးလာရောက်သူများ၊ ထားဝယ်ဒေသခံပြည်သူများ အထူးစိတ်ဝင်စားမှု ရှိခဲ့ကြသည်။

ဘုရားလှည့်လည်ရာ လမ်းတစ်လျှောက်တွင်လည်း စတုဒီသာကျွေးမွေးလှူဒါန်းကြသည်မှာ နေရာအနှံ့အပြားပင်ဖြစ်သောကြောင့် စတု ဒီသာကျွေးမွေးကြသူများ၊ ဘုရားဖူးသူများဖြင့် စည်ကား များပြားသည့်အတွက် မြို့အတွင်းရှိ လမ်းပိုင်းအချို့မှာ လမ်းပိတ်ဆို့မှုများပင်ရှိသည်။ ဘုရားလှည့်လည် လမ်းတစ်လျှောက်တွင်လည်း ဘုရားလှည့်လည်လိုက်ပါလာသူများအား ရပ်ကွက်အလိုက် စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးမည့်အပြင် လာရောက်ဖူးမြော်ကြည်ညိုသော အများပြည်သူအား အငြိမ့်၊ ပြဇာတ်များ၊ စတိတ်ရှိုးကဏ္ဍများဖြင့် ညလုံး ပေါက် ဧည့်ခံဖျော်ဖြေမည်ဖြစ်သည်။ ထို့သို့ဘုရား လှည့်လည်ရာ လမ်းကြောင်းတစ်လျှောက်တွင် ကုသိုလ်ယူအမှိုက်ကောက်သည့်အဖွဲ့များက စနစ်တကျဖြင့် အမှိုက်ကောက်ကုသိုလ်ယူကြပြီးပူဇော်ခံလှည့်လည်ရာတွင် ပါဝင်ပို့ဆောင်ကြသူများ နေမကောင်းဖြစ်ပါက အချိန်မီကူညီကုသပေးနိုင်ရန်အတွက် လူမှုအသင်းအဖွဲ့များလည်း အဆင်သင့်ဝန်းရံလျက် လိုက်ပါဆောင်ရွက်မည်ဖြစ်သည်။ ယခုနှစ်ထူးခြားမှုတွင်ထားဝယ်သူ/သားများက မီးပုံပျံ အလှဆင်ပြီးပြိုင်ပွဲကျင်းပပေးမည်အပြင် ဆုရရှိသူများကို ဆုများချီးမြှင့်မည်ဖြစ်သည်။

တန်ဆောင်မုန်းလသည် မြန်မာဗုဒ္ဓဘာသာဝင်သူတော်စင်တို့ ကုသိုလ်ကောင်းမှုပြုရာ ပွဲတော်အများဆုံးသောကာလဖြစ်သည့်အားလျော်စွာ နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓရုပ်ပွားဘုရားများ မြို့အတွင်းသို့ လှည့်လည်ပူဇော်ခံရာလမ်းတစ်လျှောက်တွင် ထားဝယ်မြို့/သူများ ကုသိုလ်ကောင်းမှုပြုနိုင်သဖြင့် ကုသိုလ်ကောင်းမှုဟူသည် လူ၊ နတ်၊ နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ပေးစွမ်းနိုင်သောကြောင့် တန်ဆောင်မုန်းလအခါသမယ၌ မိမိတို့တတ်အား သမျှကုသိုလ်ကောင်းမှု အစုစုတို့ကို ဖြည့်ကျင့် ပြုလုပ်ပွားများ အားထုတ်နိုင်ကြပါစေကြောင်း တိုက်တွန်းရေးသား လိုက်ရပါသည်။

ငွေဇင်ယော်