ဆိပ်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ ဆောင်းသီးနှံမြေပြင်စိုက်ပျိုးဆောင်ရွက်

ဆိပ်ဖြူ အောက်တိုဘာ ၂၁

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ဆောင်သီးနှံအတွက် ဒေသခံတောင်သူများက ကိုင်းစိုက်ပျိုးမြေများတွင် မြေပြင်စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဆောင်းသီးနှံကို ဒေသထွက်ကုန်များစိုက်ပျိုးရန် (၄၀၂၆၈) ဧက လျှာထားဆောင်ရွက်ထားရှိပြီး၊ ဒေသခံတောင်သူများအနေဖြင့် မိသားစုဝင်ငွေအဖြစ် ဆောင်းသီးနှံ အဓိကဒေသထုတ်ကုန် ကြက်သွန်နီ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပြောင်းဖူးနှင့်ပဲမျိုးစုံများ၊ ဆီထွက်သီးနှံများဖြစ်သည့် နေကြာ၊ မြေပဲနှင့် နှမ်းမျိုးစုံများ၊ စားဖိုဆောင်သီးနှံ ငရုတ်၊ခရမ်းချဉ်၊ ခရမ်းခေါင်းနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးဆောင်ရွက်နိုင်ရန် စိုက်ပျိုးမြေပြင်ထွန်ယက်ခြင်း၊ သွင်းအားစု မြေသြဇာများကိုစိုက်ပျိုးမြေများ၌ ထည့်သွင်းခြင်းလုပ်ငန်းများပြင်ဆင်၍ စိုက်ပျိုးဆောင်ရွက်ရှိသည်။

ဒေသခံတောင်သူများအနေဖြင့် ဆောင်းစိုက်ပျိုးသီးနှံ အောင်မြင်ဖြစ်ထွန်းရေး၊ သီးနှံအထွက်နှုန်း မြင့်မားရေးတို့အတွက် သီးနှံများအလိုက် စိုက်ပျိုးရေးနည်းစနစ် မှန်ကန်စွာစိုက်ပျိုး ဆောင်ရွက်နိုင်ရေး၊ မြေသြဇာနှင့်ပိုးသတ်ဆေးများ စနစ်တကျသုံးစွဲတတ်စေရေးနည်း ပညာများကိုလည်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက စိုက်ပျိုးရေးနည်ပညာများကို အသိပညာပေး ဆောင်ရွက်ပေးထားကာ ဆောင်းသီးနှံ (၁၄၅၄၆) ဧက စိုက်ပျိုးပြီးစီး လျာထားချက် ပြည့်မှီစွာနှင့် ပန်းတိုင်အထွက်နှုန်းတိုးတက်ရေးတို့ကို ဒေသခံတောင်သူများနှင့်ပေါင်းစပ် ၍ စီမံဆောင်ရွက်လျက်ရှိကြောင်း သက်ဆိုင်ရာမြို့နယ်ဦးစီးဌာနများနှင့် ဒေသခံတောင်သူများထံမှ ပြောကြားသိရှိရသည်။

ကိုဇွဲ(အညာမြေ)