ပုသိမ် အောက်တိုဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများနှင့်အတူ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ သပြေကန်သိမ်ကုန်း ဧရိယာအတွင်း နွေစပါး စိုက်ပျိုးရေလုံလောက်စွာ တိုးတက်ပေးဝေနိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖျာပုံမြို့နယ်၊ အေးသာယာကျေးရွာအုပ်စုအတွင်း တိုင်းဒေသကြီးရန်ပုံငွေဖြင့် တူးဖော်ဆောင်ရွက်မည့် အေးသာယာ(၂)မြောင်းနေရာအား ကြည့်ရှု စစ်ဆေးခဲ့ရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆိုင်ရာအချက်အလက်များနှင့် နွေသီးထပ်အမီ စိုက်ပျိုးရေရရှိနိုင်မည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်သည် အေးသာယာကျေးရွာအုပ်စုအတွင်း မိုးစပါး စိုက်ပျိုးအောင်မြင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ ဒေသလိုအပ်ချက်များ၊ နွေသီးထပ်တိုးတက်စိုက်ပျိုးနိုင်မည့် အခြေအနေများ၊ ရေချိုပိုမိုရရှိလာနိုင်မည့် အခြေအနေများအပေါ် တိုးတက်စိုက်ပျိုးနိုင်စေရန် ဆွေးနွေးမှာကြားခဲ့သည်။ အေးသာယာ(၂)မြောင်းသည် အလျားပေ(၈၅၀၀)ရှိပြီး လုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် ယခုနှစ်အတွင်း သီးထပ်ဧက (၁၅၀)ကို တိုးချဲ့စိုက်ပျိုးနိုင်မည်ဖြစ်သည်။
သပြေကန်သိမ်ကုန်းဧရိယာအတွင်း တိုင်းဒေသကြီး ရန်ပုံငွေ ကျပ်သန်း(၂၈၀)ဖြင့် မြောင်း (၆) မြောင်း တူးဖော်ဆောင်ရွက်လျက်ရှိပြီး စုစုပေါင်းဧက(၈၅၀)ကို တိုးချဲ့စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဌာနဆိုင်ရာများလိုက်ပါလျက် ကြက်ဖ မွေးဇောင်းကျွန်းပတ်တာအတွင်း တူးဖော်ဆောင်ရွက်လျက်ရှိသော ကျုံကဒွန်း-အမာကားလမ်း ဘေးယာမြောင်းတူးဖော်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ရာ ဆည်မြောင်နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနတာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆိုင်ရာအချက်အလက်များ၊ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ တိုးတက်စိုက်ပျိုးလာနိုင်မည့် အခြေအနေများနှင့် ကျုံကဒွန်း-အမာ(ယာမြောင်း) အလျားပေ (၁၀၀၀၀)အား ဆည်/ရေ ဌာန၏စက်ယန္တရား (DA-016) Amphibious Excavator ဖြင့် (၇၅%)ကျော် ဆောင်ရွက်ပြီးစီပြီဖြစ်ရာ နွေသီးထပ်ဧက (၃၀၀) ကို စိုက်ပျိုးချိန်အမီ စိုက်ပျိုးရေပေးဝေနိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက်ဝန်ကြီးချုပ်သည် ကျုံကဒွန်းအမာဝဲမြောင်းတူးဖော်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်း (၁၀၀%) ဆောင်ရွက်ပြီးစီးခဲ့ခြင်းကြောင့် နွေသီးထပ်ရာသီအမီ စိုက်ပျိုးရေရရှိနိုင်မည့် အခြေ အနေများ၊ ကျုံကဒွန်း-အမာဝဲမြောင်းသည် အလျား (၁၀၀၀၀) ပေရှိပြီး လုပ်ငန်းဆောင်ရွက်ခြင်းဖြင့် ယခုနှစ်အတွင်း သီးထပ်ဧက (၂၅၀)ကို တိုးချဲ့စိုက်ပျိုးလာနိုင်မှု၊ ကြက်ဖမွေးဇောင်းကျွန်းပတ်တာအတွင်း ၂၀၂၅-၂၀၂၆ ခုနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် မြောင်းတူးဖော်ခြင်းလုပ်ငန်း (၁၅)ခုတူးဖော်ဆောင်ရွက် လျက်ရှိပြီး လုပ်ငန်း(၈)ခုမှာ (၁၀၀%) ဆောင်ရွက်ပြီးစီးမှု၊ လုပ်ငန်း(၁၅)ခုဆောင်ရွက်ခြင်းဖြင့် သီးထပ်ဧရိယာ (၂၁၅၀) ဧကကို ထပ်မံတိုးချဲ့စိုက်ပျိုးလာနိုင်မှု၊ ကြက်ဖမွေးဇောင်းကျွန်းပတ်တာသည် စီမံကိန်းလုပ်ငန်းများမစတင်မီ အချိန်တွင်ဧက (၆၀၀၀) ဝန်းကျင်သာ အများဆုံးစိုက်ပျိုးနိုင်ခဲ့ သော်လည်း ယခုအခါနွေသီးထပ်ဧက (၁၆၀၀၀) အထိ စိုက်ပျိုးလာနိုင်မှုနှင့် နှစ်အလိုက် တိုးတက်စိုက်ပျိုးလာမှု အခြေအနေများကို သီးနှံစိုက်ပျိုးမှုဆိုင်ရာညွှန်းကိန်း (Normalized Differece Vegetation Index) မြေပုံများဖြင့် ရှင်းလင်းတင်ပြခြင်း၊ မိုးစပါးဧက (၂၉၀၀၀)ကျော်ရှိရာ နွေသီးထပ်စိုက်ပျိုးမှုကိုလည်း ဧက(၂၉၀၀၀)ကျော် ရိုးပြတ်ကျန် ပပျောက်သည်အထိ စိုက်ပျိုးနိုင်ရန် ဆောင်ရွက်လျက်ရှိမှု အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများသတ်မှတ်ကာလအတွင်း ပြီးစီးစေရေး၊ နွေစပါးစိုက်ပျိုးချိန်အမီ ဆောင်ရွက်စေရေးနှင့် အရည်အသွေးပြည့်မီစေရေးမှာကြားခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ ဒုတိယသီးနှံစိုက်ပျိုးနိုင်ရေး အတွက် စိုက်ပျိုးရေရရှိနိုင်ရေးဆောင်ရွက်ထားရှိမှု၊ ပန်းတိုင်အထွက်နှုန်းရရှိရေးဆောင်ရွက်ရန်၊ မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်စွာစိုက်ပျိုးကြရန်နှင့် စိုက်ပျိုးရေရရှိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ တောင်သူများကလည်း သီးထပ်စွမ်းအား ပိုမိုတိုးတက်စိုက်ပျိုးစေရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိစေရေး ဆောင်ရွက်ရန်မှာကြားခဲ့ပြီး တောင်သူများ၏ မိုးစပါးရာသီချိန်တွင် ရေကြီးမှုအားလျော့နိုင်ရေး ဆောင်ရွက်စေလိုသည့် ဝါးချာင်းရေတံခါးပြုပြင်ပေးလိုမှုအပေါ် ရေထိန်းတံခါးနှင့် ရေနှုတ်အားကောင်းစေရန် ချောင်းမြောင်းကောများ တူးဖော်နိုင်ရေး အသေးစိတ်ကွင်းဆင်းစစ်ဆေး တင်ပြရန်မှာကြားခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်
