ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့နယ်အတွင်းရှိ ကျေးရွာများ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

လွိုင်ကော် အောက်တိုဘာ ၂၀

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ပြန်လည်ဝင်ရောက်နေထိုင်လျက် ရှိသည့် ရပ်ကွက်/ကျေးရွာများမှ ပြည်သူများ၏ အခြေခံလိုအပ်ချက်များပြည့်စုံစေရေး စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့်အဖွဲ့ဝင်များ လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာနှင့် လင်ဖုံလေးကျေးရွာများသို့ ပြန်လည် ဝင်ရောက်နေထိုင်သည့် ပြည်သူများအား သွားရောက် တွေ့ဆုံအားပေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာရှိ တောင်မော့ဘုန်းတော်ကြီးကျောင်း ဉာဏဗိမာန်ဓမ္မာရုံ၌ ကုန်းသာကျေးရွာတွင် ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိသည့် ပြည်သူများနှင့်တွေ့ဆုံကာ ပြန်လည်ဝင်ရောက်နေထိုင်ကြသူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အမြန်ပြန်လည်လုပ်ကိုင်နိုင်ရေးနှင့် မိမိတို့ရပ်ရွာဒေသအား ယခင်ကဲ့သို့ စည်ပင်သာယာ ဖွံ့ဖြိုးလာအောင် ကျေးရွာနေပြည်သူများကလည်း ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် အခက်အခဲများနှင့် ဖြည့်ဆည်း ပေးရန်များကို တင်ပြစေလိုကြောင်းပြောကြားသည်။ ထို့နောက် ဒေသကွပ်ကဲရေးမှူးက နယ်မြေလုံခြုံရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

ထို့နောက် ကျေးရွာပြည်သူများက ဘုန်းတော်ကြီးကျောင်းများ၊ နေအိမ်များ၊ စာသင်ကျောင်းများ ထိခိုက်ပျက်စီးခဲ့မှု အခြေအနေများ၊ သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေး၊ ဆောင်းသီးနှံနေကြာနှင့် နွေစပါးစိုက်ပျိုးနိုင်ရေးကိစ္စရပ်များ၊ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား လုပ်ဆောင်လိုသည့်ကိစ္စရပ်များကိုတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအတွက် အမိုးသွပ်နှင့် ထောက်ပံ့ငွေများ၊ ဆောင်းသီးနှံနေကြာစိုက်ပျိုးမည့် တောင်သူများအတွက် နေကြာမျိုးစေ့များကို ပေးအပ်ခဲ့ကြသည်။ ထို့နောက် တောင်မော့ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ထိခိုက်ပျက်စီးခဲ့သည့်သာသနိကအဆောက်အအုံများနှင့်ကျောင်းဆောင်များပြန်လည်ပြုပြင်ပေးနိုင်ရေး ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အထက(ကုန်းသာ)ကျောင်းသို့ သွားရောက်ပြီး ကျောင်းပြန်လည်ဖွင့်လှစ် သင်ကြားနိုင်ရန်အတွက် စာသင်ဆောင်များပြုပြင်ဆောင်ရွက်ရန်နှင့် ကျောင်းဝင်းသန့်ရှင်းရေးဆောင်ရွက်ရန် လိုအပ်သည်များ ကြည့်ရှုစစ်ဆေးပြီး အမြန်ပြန် လည်ပြုပြင်နိုင်ရေးဆောင်ရွက်သွားရန် တာဝန်ရှိသူများအားမှာကြားသည်။ ထို့နောက် ကုန်းသာကျေးရွာ လျှပ်စစ်မီးပြန်လည်ရရှိရေး မီးလိုင်းများသွယ်တန်းနေမှုနှင့် ထရန်စဖော်မာများ ပြန်လည်တပ်ဆင်ပေးနေမှုကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာက လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် လုပ်ငန်းများအမြန်ပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လင်ဖုံလေးကျေးရွာသို့ရောက်ရှိပြီး လင်ဖုံလေးပရိယတ္တိစာသင်တိုက်နှင့် မင်္ဂလာစွမ်သျှန်ကျောင်းတိုက် ဆရာတော်တို့အား ဖူးမြော် ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လင်ဖုံလေး(အထက်နှင့်အောက်)ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံရာတွင် လင်ဖုံလေးကျေးရွာသည် ယခင်က လွိုင်ကော်မြို့သို့ ဟင်းသီးဟင်းရွက်များ အဓိက တင်ပို့ရောင်းချသည့် ကျေးရွာဖြစ်၍ ဟင်းသီးဟင်းရွက်များကို ဒေသဖူလုံရုံသာမက ပြည်နယ် ပြင်ပသို့ တင်ပို့နိုင်သည်အထိ တိုးချဲ့စိုက်ပျိုးကြရန်လိုကြောင်းမှာကြားပြီး အလက(လင်ဖုံလေး)ကျောင်းမှ ဆရာ၊ ဆရာမများနေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် ချီးမြှင့်ငွေများပေးအပ်သည်။

ထို့နောက် ကျေးရွာအတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် ဇိနမာန်အောင်စေတီတော်မြတ်နှင့် မိုးကောင်းဘုရားများ ပြန်လည်ပြုပြင်နိုင်ရေးကြည့်ရှုခဲ့ပြီး ကျေးရွာအတွင်းရှိ ကျေးလက်ကျန်းမာရေးဌာနခွဲ၊ အလက(လင်ဖုံလေး)ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ဆေးပေးခန်း အဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ၊ စာသင်ဆောင်များနှင့် ဆရာ၊ ဆရာမနေအိမ်များ ပြုပြင်ရန် လိုအပ်သည့် အခြေအနေများအား လှည့်လှည်ကြည့်ရှုစစ်ဆေး၍ အမြန်ပြန်လည်ပြုပြင်နိုင်ရေး တာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်းပေးသည်။

ထို့နောက် မင်္ဂလာစွမ်သျှန်ဘုန်းတော်ကြီးကျောင်းအတွင်း ယာယီဖွင့်လှစ်လျက်ရှိသည့် အလက(လင်ဖုံလေး)ကျောင်း စာသင်ခန်းများ ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးရာ တာဝန်ခံကျောင်းအုပ်ကြီးက ကျောင်းတက်ရောက်မှုနှင့် ဆရာ၊ ဆရာမများ တာဝန်ထမ်းဆောင်မှုများကို ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က သင်ထောက်ကူပစ္စည်းများနှင့် သင်ရိုးစာအုပ်များ ပြည့်စုံစွာစီမံပေးရန်နှင့်မှာကြားခဲ့ပြီး ကျေးရွာပြည်သူများ၏ ဟင်းသီးဟင်းရွက်စိုက်ခင်းများ စိုက်ပျိုးထားရှိမှုနှင့် အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)