ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(ပခုက္ကူ)မှ ရက်ကန်းပညာရပ်များတိမ်ကောပပျောက်မှု မရှိစေရေး  ပညာရှင်များမွေးထုတ်

ပခုက္ကူ  အောက်တိုဘာ ၂၀

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကြီးကြပ်မှု အောက်ရှိ ပခုက္ကူမြို့ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ ရက်ကန်းပညာရပ်များ တိမ်ကောပပျောက်မှုမရှိစေရေးသင်တန်းများဖွင့်လှစ်ပြီး ရက်ကန်းပညာရှင်များမွေးထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ရက်ကန်းပညာရှင်များမွေးထုတ်ပေးခြင်းဖြင့် ပြည်တွင်းထုတ်ကုန်အားကောင်းပြီး ပြည်ပဝင်ငွေပိုမိုရရှိရေး၊ MSME လုပ်ငန်းများအားကောင်းလာပြီး အရည်အသွေးမြင့်ဒေသထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်ရေး၊ မြန်မာ့လက်မှုအနုပညာများထိန်းသိမ်းတတ်စေရန်နှင့်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ရက်ကန်းပညာရပ်များ တိမ်ကောပပျောက်မှု မရှိစေရေးနှင့် ရက်ကန်းလုပ်ငန်းဆိုင်ရာနည်းပညာများ၊ အတတ်ပညာများ ပိုမိုထွန်းကားကျယ်ပြန့်လာစေရန်၊ ရက်ကန်းပညာရပ်ဖြင့် ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းလုပ်ငန်း ထူထောင်လုပ်ကိုင်ခြင်းဖြင့် မိသားစုထွက်ငွေလျော့ကျပြီး ဝင်ငွေတိုးပွားလာစေရန်  ရည်ရွယ်ချက်များဖြင့် ကာလတို၊ကာလရှည်သင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ သင်တန်းများအနေဖြင့် တစ်နှစ်လျှင်ဘာသာရပ်ကိုးခုဖြင့် သင်ကြားပေးသော ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ သင်တန်းနှင့် ဘာသာရပ်ခုနစ်ခုဖြင့် သင်ကြားပေးသော လက်ရက်ကန်းခြောက်လသင်တန်းနှစ်ကြိမ်တို့ဖြစ်ပြီး တစ်ကြိမ်လျှင် သင်တန်းသားသင်တန်းသူ(၂၀)သာ လက်ခံသင်ကြားပေးလျက်ရှိသည်။

 သင်တန်းတက်ရောက်စဉ်ကာလအတွင်း အဆောင်နေထိုင်ခွင့်နှင့်အတူ နိုင်ငံတော်ထောက်ပံ့မှုအဖြစ် တစ်လလျှင် ငွေကျပ် ၇၅၀၀၀ ရရှိသည့်အပြင် သင်တန်းသုံးကိရိယာများ၊ ကုန်ကြမ်းပစ္စည်းများကိုလည်း အခမဲ့သုံးစွဲနိုင်ရေးစီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။ သင်တန်းတက်ရောက်ပြီးပါက လက်ရက်ကန်းစင် တစ်စုံစီထောက်ပံ့ပေးအပ်ခြင်း၊ ချည်မျှင်နှင့်အထည်စက်ရုံ၊ ပုဂ္ဂလိကပိုင်စက်ရုံတို့တွင် ဝင်ရောက်လုပ်ကိုင် နိုင်ရေး ချိတ်ဆက်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပခုက္ကူဒေသမှထွက်ရှိသည့် ရက်ကန်း ချည်ထည်များကို ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံအသီးသီးကလည်း မှာယူအသုံးပြုကြသည်ကိုတွေ့ရှိရပြီး ဝါမှထွက်ရှိသည့်လျော်များ၊ ကြာမှထွက်ရှိသည့်အမျှင်များ၊ နာနတ်ပင်မှထွက်ရှိသည့်လျှော်များဖြင့်  အထည်များကို အဓိကထားထုတ်လုပ်လျက်ရှိကြောင်း၊ ရက်ကန်းပညာရပ်များသင်ယူတတ်မြောက်ခြင်းဖြင့် မိမိနှင့်မိသားစုဝင်များအပြင် မိမိပတ်ဝန်းကျင်ရှိပြည်သူများအတွက်လည်း အကျိုးကျေးဇူးများစွာရရှိစေပြီး မိသားစုအပိုဝင်ငွေအမှန်တကယ်ရရှိစေသော အကျိုးပြုသည့်အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုဖြစ်ကြောင်း၊ သင်တန်းဆင်းပြီးသူများအနေဖြင့် မိမိသင်ယူတတ်မြောက်ထားသောပညာရပ်များကို အကျိုးရှိရှိလက်တွေ့အသုံးချလုပ်ကိုင်သည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသော လူငယ်လူရွယ်များထံ လက်ဆင့်ကမ်းသင်ကြားပေးခြင်း၊ လမ်းညွှန်ပြသမျှဝေပေးခြင်းစသည့် အလေ့အကျင့်ကောင်းများကိုလည်း မွေးမြူထားတတ်ကြရန်လိုအပ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာယုက  ပြောကြားသည်။  

ပခုက္ကူမြို့အညာဒေသသည် ယဉ်ကျေးမှုထွန်းကားရာဒေသတစ်ခုဖြစ်သည့်အားလျော်စွာ မြန်မာ့လက်မှုအနုပညာရပ်များ တန်ဖိုးထားထိန်းသိမ်းတတ်စေရေးနှင့် ရက်ကန်းပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းထူထောင်လုပ်ကိုင်တတ်စေရေးရည်ရွယ်ချက်ဖြင့် ၁၉၅၁ခုနှစ်မှစတင်ကာ ကာလတို၊ ကာလရှည်သင်တန်းများဖွင့်လှစ်၍  လက်ရက်ကန်းပညာ၊ စက်ရက်ကန်းပညာ၊ တိုင်းရင်းသားရိုးရာအထည်များဂျပ်ခုတ်နည်းပညာ၊ လက်ဖြင့်ချည်မျှင်ဆွဲနည်းပညာ၊ စက်နှင့် ချည်မျှင်ဆွဲနည်းပညာ၊ ရွှေချည်ထိုးငွေချည်ထိုးပညာ၊ ချည်ထည်ပိုးထည်ဆိုင်ရာ သဘာဝဆေးဆိုးခြင်းနှင့် ဓာတုဆေးဆိုးခြင်းနည်းပညာရပ်များ၊ အထည်ပန်းပုံရိုက်နည်းပညာ၊ အထည်ဒီဇိုင်းဖန်တီးနည်းပညာ စသည့်ပညာရပ်များကို အကိုင်အတွယ်မှစတင်ကာ ကိုယ်တိုင်ဒီဇိုင်းရေးဆွဲချုပ်တတ်သည်အထိ စာတွေ့ ၃၀ ရာခိုင်နှုန်း၊ လက်တွေ့ ၇၀ရာခိုင်နှုန်းစီဖြင့် စနစ်တကျသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)