ကော့သောင်း၊ အောက်တိုဘာ ၂၀
(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ(ဗဟိုအဆင့်)နှင့် (တိုင်းဒေသကြီးအဆင့်) ဆုရရှိခဲ့သော ကော့သောင်းခရိုင်မှ ပြိုင်ပွဲဝင်များအား ထပ်ဆင့်ဂုဏ်ပြုပွဲ အခမ်းအနားကို အောက်တိုဘာလ (၁၈) ရက်နေ့ညပိုင်းက ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ (ဗဟိုအဆင့်)နှင့် (တိုင်းဒေသကြီးအဆင့်)ဆုရရှိခဲ့သော ဆုရပြိုင်ပွဲဝင်များ၊ အုပ်ချုပ်နည်းပြသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ကော့သောင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်တင့်က “မိမိတို့နိုင်ငံသည် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှာန်းဖြင့် အချုပ်အခြာအာဏာပိုင် နိုင်ငံ တစ်နိုင်ငံဖြစ်သကဲ့သို့ ကိုယ်ပိုင်ယဉ်ကျေးမှုအမွေအနှစ်များဖြင့် တည်ရှိနေသော နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံသားတိုင်း၌ တာဝန်ရှိပါကြောင်း၊ ထိုသို့ တာဝန်ရှိသည်နှင့်အညီ နိုင်ငံတော်အကြီးအကဲက မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှာ ကျင်းပပြုလုပ်စေခဲ့ပါကြောင်း၊ ပြိုင်ပွဲကျင်းပခြင်းဖြင့် ရွက်ပုန်းသီး အနုပညာရှင်များပေါ်ထွက်လာပြီး မိမိတို့ ရိုးရာယဉ်ကျေးမှုကို မပျောက်ပျက်စေရေး ထိန်းသိမ်းစောင့်ရှောက်ရာ ရောက်ပါကြောင်း၊ကော့သောင်းခရိုင်အနေဖြင့် နှစ်စဉ် ခရိုင်အဆင့် ပြိုင်ပွဲများ ကျင်းပလျက်ရှိကြောင်း၊ ခရိုင်အဆင့်ပြိုင်ပွဲမှ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲ၊ ဗဟိုဆင့်ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိသည့်အတွက် ကော့သောင်းခရိုင်အနေဖြင့် တိုင်းဒေသကြီးအတွင်း မျက်နှာပွင့်လန်းပါကြောင်း၊ ခရိုင်အဆင့်ပြိုင်ပွဲကို မဉ္ဇူသကခန်းမတွင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၄)ရက် နေ့နှင့်(၅)ရက်နေ့များ၌ ပြိုင်ပွဲဝင်(၁၉)ဦးဖြင့် ကျင်းပခဲ့ပြီး ထိုမှ ပြိုင်ပွဲဝင်များကို ရွေးချယ်၍ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲသို့ ပြိုင်ပွဲဝင်(၁၃)ဦး၊ အုပ်ချုပ်နည်းပြ(၇)ဦး၊ စုစုပေါင်း(၂၀)ဦး သွားရောက်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲတွင် မိမိတို့ခရိုင်မှ ပြိုင်ပွဲဝင်များအားလုံး ဆုရရှိပါကြောင်း၊ ပထမဆု(၉)ဆု၊ ဒုတိယဆု (၂)ဆု၊ တတိယ ဆု(၂)ဆု ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲမှတဆင့် ဗဟိုအဆင့် ပြိုင်ပွဲသို့ ကော့သောင်းခရိုင်မှ တိုင်းဒေသကြီး ကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်သူ(၉)ဦး ရှိပါကြောင်း၊ ဗဟိုအဆင့်ပြိုင်ပွဲတွင် အခြေခံပညာ အသက်(၁၅-၂၀) စောင်း(အတီး)ပြိုင်ပွဲတွင် ပထမ ဆု(၁)ဆု၊ ဒုတိယဆု(၁)ဆု၊ အခြေခံပညာ အသက်(၁၀-၁၅) စောင်း(အတီး)ပြိုင်ပွဲတွင် ဒုတိယဆု(၁)ဆုရရှိခဲ့သည့်အတွက် ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူများနှင့် အုပ်ချုပ်သူ နည်းပြများ၊ ပံ့ပိုးသူများအား များစွာကျေးဇူးတင်ကြောင်းနှင့် မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ ခရိုင်အဆင့်ပြိုင်ပွဲမှ တိုင်းဒေသကြီး၊ ဗဟိုအဆင့်ပြိုင်ပွဲများအထိ စိတ်ရောကိုယ်ပါ ဦးဆောင်ဦးရွက် ဆောင်ရွက်ပေးခဲ့သော ဆရာကြီး/ဆရာမကြီးများ၊ ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြသော ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိ၊ မြို့ဖများ၊ လုပ်ငန်းရှင်များအားလုံးကို ဂုဏ်ပြုမှတ်တမ်း တင်ပါကြောင်းနှင့် လာမည့်(၂၇)ကြိမ်မြောက် မြန့်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင်လည်း ယခုထက်ပိုမိုအောင်မြင်အောင် ပူးပေါင်းဆောင်ရွက် နိုင်ကြပါစေကြောင်း” ပြောကြားခဲ့သည်။
ထို့နောက် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (ဗဟိုအဆင့်)နှင့်(တိုင်းဒေသကြီးအဆင့်)တွင် ကော့သောင်းခရိုင်မှ ဆုရရှိသူများအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်တင့်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက် လာသည့် ဌာနဆိုင်ရာများနှင့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုညစာဖြင့် တည်းခင်းဧည့်ခံခဲ့ကြပြီး ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး အဆင့် ပြိုင်ပွဲများတွင် ဆုရပြိုင်ပွဲဝင်များက တေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက် )