လွိုင်ကော် အောက်တိုဘာ ၁၉
လွိုင်ကော်တက္ကသိုလ် ၂၀၂၅ ပညာသင်နှစ် အဝေးသင်သင်တန်းများအား စတင်ဖွင့်လှစ် သင်ကြားပို့ချလျက်ရှိရာ အဝေးသင် သင်တန်း ပထဝီဝင်(မိသားစု)၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်တက္ကသိုလ်၊ ပင်မဆောင် ကိန္နရာခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွိုင်ကော်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ လွိုင်ကော်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် ဆရာ ဆရာမများအား ပထဝီဝင်ဌာန ကျောင်းသား ကျောင်းသူများက “မြတ်ဆရာ” သီချင်းဖြင့် ဆီမီးထွန်းညှိ ပူဇော်ကန်တော့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်သြဝါဒစကားပြောကြားရာတွင် အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် လွိုင်ကော်တက္ကသိုလ်အား နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရန် ပြည်နယ်အစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှု၊ တက္ကသိုလ်ဝန်ထမ်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၏ အင်တိုက်အားတိုက် ကြိုးပမ်း ဆောင်ရွက်မှုတို့ကြောင့် ပြည်နယ်၏ အထင်ကရ လွိုင်ကော်တက္ကသိုလ်ကြီးကို ပြန်လည်ဖွင့်လှစ် နိုင်ပြီဖြစ်၍ ကျောင်းသားကျောင်းသူများ မိမိဒေသတွင် အဆင်ပြေချောမွေ့စွာတက်ရောက် ပညာသင်ကြားနေသည်ကို တွေ့မြင်ရသည့်အတွက် ဝမ်းမြောက်ပီတိဖြစ်ရပါကြောင်း၊ နိုင်ငံတော်မှ ပြည်နယ်၏ ပညာရေးကဏ္ဍ နောက်ကျကျန်ရစ်မှုမရှိစေရန်နှင့် ပြည်နယ်အတွက်အကျိုးပြုနိုင်မည့် လူစွမ်းအားအရင်းအမြစ်များ ထွက်ပေါ်လာစေရန် အလေးထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဆရာ၊ ဆရာမများ သင်ကြားပြသမှုများကို လက်တွေ့နယ်ပယ်တွင် ပြန်လည်အသုံးချနိုင်အောင် စနစ်တကျ လေ့လာသင်ယူပြီး မိမိတို့အကျိုး၊ မိမိပြည်နယ်နှင့် နိုင်ငံ့အကျိုးကို သယ်ပိုးနိုင်သည့် လူတော်လူကောင်းများ ဖြစ်အောင် ကြိုးစားကြစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲအတွက် ချီးမြှင့်ငွေပေးအပ်ရာ ကျောင်းသားကျောင်းသူ ကိုယ်စားလှယ်နှစ်ဦးက လက်ခံရယူခဲ့ကြသည်။
ထို့နောက် ကန်တော့ခံပုဂ္ဂိုလ်များအား ပထဝီဝင် စတုတ္ထနှစ် ကျောင်းသားတစ်ဦးက ဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူများက ကန်တော့ချိုးဖြင့် ကန်တော့ကြပြီး ဂါရဝလက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။
ဆက်လက်၍ လွိုင်ကော်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမင်းသောင်က ကျောင်းသား၊ ကျောင်းသူများအား ဆုံးမဩဝါဒစကားပြောကြားခဲ့ပြီး ပထဝီဝင်စတုတ္ထနှစ် ကျောင်းသားတစ်ဦးက ကြိုဆိုနှုတ်ဆက်စကားပြောကြား၍ ပထမနှစ်ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားများ ပြန်လည် ပြောကြားခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းသား၊ ကျောင်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပြီး ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
လွိုင်ကော်တက္ကသိုလ် အဝေးသင်သင်တန်းများ(ဒုတိယအသုတ်)အား အောက်တိုဘာလ ၁၃ ရက်မှ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိပြီး အင်္ဂလိပ်စာ၊ ပထဝီဝင်၊ ဒဿနိကဗေဒ၊ အရှေ့တိုင်းပညာ၊ ဥပဒေပညာ ဘာသာရပ်များတွင် ယနေ့အထိ ကျောင်းသား၊ ကျောင်းသူ ၃၆၅ ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)