ကြံခင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ၂၀၂၅ ခုနှစ်၊ ဆောင်းရာသီအတွက် စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးလျက်ရှိ

ကြံခင်း အောက်တိုဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)၌ စိုက်ပျိုးစရိတ်များကို အတိုးနှုန်းသက်သာစွာဖြင့် ရာသီအလိုက်ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဆောင်းရာသီအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းမှ စတင်၍ ထုတ်ချေးပေးလျက်ရှိသည်။

ရှေးဦးစွာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)(ကြံခင်း) မန်နေဂျာ ဒေါ်လွင်လွင်ဦးက တောင်သူများအား နှစ်စဉ် အောက်တိုဘာလကုန်ရက်များတွင်သာ ဆောင်းသီးနှံစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိပြီး ယခုနှစ်တွင် တောင်သူများအဆင်ပြေစေရန်အတွက် ဆောလျင်စွာဖြင့် နိုင်ငံတော်ကထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် ပုံစံ(၇)အမည်ပေါက်ရှိမှသာ ချေးငွေများကို ရရှိနိုင်မည်ဖြစ်ကာ ပုံစံ(၇)အမည်ပေါက်မရှိသူများအား ချေးငွေအကြံပေးအဖွဲ့ဖြင့်ပူးပေါင်း၍ ဆောင်ရွက်ပေးနိုင်ရေးကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီထံ တင်ပြထားပါကြောင်း၊ သီးနှံထွက်ရှိလာပါက သတ်မှတ်ရက်များတွင် ပြန်လည်ပေးဆက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ချေးငွေများစတင်ထုတ်ချေးရာတွင် ပထမနေ့၌ ရွာသစ်ရပ်ကွက်နှင့် ရွှေတောင်စုရပ်ကွက် တောင်သူ ၆၁ ဦးအား စိုက်ဧက ၂၈၇ အတွက် တစ်ဧကတစ်သိန်းနှုန်းဖြင့် စိုက်ပျိုးစရိတ်ငွေကျပ် ၂၈၇ သိန်းထုတ်ချေးပေးလျက်ရှိပြီး၊ ဘဏ်ခွဲအနေဖြင့် ယခုနှစ်၊ ဆောင်းရာသီတွင် ကျေးရွာအုပ်စု ၂၄ အုပ်စု၊ တောင်သူစုစုပေါင်း ၃၂၃၂ ဦး၊ နွေစပါးဧက ၅၀၉၊ ပဲနှင့်အခြားသီနှံစိုက်ဧက ၁၆၆၄၈၊ စုစုပေါင်းဧက ၁၇၁၅၇ ဧကအတွက် ငွေကျပ် ၁၇၄၁၁.၅၀ သိန်းထုတ်ချေးပေးသွားရန် လျာထားကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)မှ သိရသည်။

ဖြိုးဝေလင်း (ပြန်/ဆက်)