ဝန်းသိုမြို့နယ်ရှိ “ကျောက်မြို့ဟောင်း”သို့ ဒေသန္တရလေ့လာရေးခရီး လွယ်ကူစွာသွားလာနိုင်ရေး ဆိုင်ကယ်လမ်းဖောက်လုပ်နေမှုနှင့် ကုန်ထုတ်လမ်းများဖောက်လုပ်နိုင်ရေး ကွင်းဆင်း ကြည့်ရှု စစ်ဆေး

ဝန်းသို  ဒီဇင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်နှင့် ပင်လည်ဘူးမြို့နယ်အစပ် အောင်းပင် ကျေးရွာနှင့် ဂွေးတောက်ကျင်းကျေးရွာတို့တွင် ရှေးယခင်နတ်မြို့ဟုခေါ်ဆိုကြသော “ကျောက်မြို့ဟောင်း”သို့ ဒေသန္တရခရီး သွားရောက်လည်ပတ်နိုင်ရန်အတွက် ကျေးရွာပြည်သူများ ကိုယ့်အားကိုယ်ကိုး ဆိုင်ကယ်လမ်းဖောက်လုပ် ပြီးစီးမှု အခြေအနေနှင့် ကုန်ထုတ်လမ်းဖောက်လုပ်ပေးနိုင်ရေး တင်ပြလာမှုအပေါ် လွှတ်တော်ကိုယ်စားလှယ်နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ကျောက်လှုပ်လဲ့ဆရာတော်၊ အောင်းပင်ဆရာတော်တို့ဦးဆောင်၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်ဝင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းထွန်းလတ်၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မျိုးသူ၊ စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဦးရန်နိုင်ထွန်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးဝေယံစိုးနှင့် ကျေးရွာတာဝန်ရှိသူများက အောင်းပင်ကျေးရွာရှိ “ကျောက်မြို့ ဟောင်း”သို့ ဒေသန္တရ ခရီးသွားရောက်လည်ပတ်နိုင်ရန်အတွက် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ပြည်သူများ ကိုယ့်အားကိုယ်ကိုး ဆိုင်ကယ်လမ်းဖောက်လုပ်ပြီးစီးမှုအား ကွင်းဆင်းကြည့်ရှု၍ အန္တရာယ် ရှိနိုင်သော အတက်အဆင်း လမ်းနေရာများ၊ အမာခံမြေမကောင်းသည့်နေရာများ၊ လတ်တလောတွင် သွားလာ၍လွယ်ကူနေ သော်လည်း ပြန်လည်ပျက်စီးနိုင်သော နေရာများ၊ လူအားဖြင့် ပြန်လည်ပြင်ဆင်ရန် ခက်ခဲသည့်နေရာများကို အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန်နှင့် စက်ယန္တရား အသုံးပြု၍ ပြန်လည်ပြင်ဆင်နိုင်ရန်အတွက် ညှိနှိုင်းတိုင်ပင် လျှောက်ထားခဲ့ကြသည်။

ထို့နောက် ဂွေးတောက်ကျင်းကျေးရွာတွင် ကျေးရွာတာဝန်ခံနှင့် အုပ်စုအုပ်ချုပ်ရေးမှူးတို့၏ ကုန်ထုတ် လမ်းဖောက်လုပ် ပေးနိုင်ရေးတင်ပြလာမှုအပေါ် လွှတ်တော်ကိုယ်စားလှယ်နှင့် ကွင်းဆင်း လိုက်ပါလာသော ဌာန ဆိုင်ရာတာဝန်ရှိသူများက ကုန်ထုတ်လမ်းဖောက်လုပ်ရာတွင် အကျိုးပြုလယ်မြေ/ယာမြေများ၊ ကုန်ထုတ်လမ်း ဖောက်လုပ် ရာတွင်ပါဝင်မည့် လယ်ယာမြေများကို လှူဒါန်ပေးနိုင်မှုအခြေအနေနှင့် လိုအပ်မည့်တံတားများ ပါဝင်ခြင်းရှိ/မရှိတို့ကို ဒေသခံ ပြည်သူများနှင့်အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

အဆိုပါ အောင်းပင်ကျေးရွာရှိ “ကျောက်မြို့ဟောင်း”သို့ ခရီးသွားပြည်သူများ ဒေသန္တရ လေ့လာရေးနှင့် ဘုရားဖူး ခရီးလွယ်ကူစွာသွားလာနိုင်ပါက ဝန်းသိုမြို့နယ်၏ ခရီးသွား လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေနိုင်သည့် အပြင် ဂွေးတောက်ကျင်းကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်ပေးနိုင်ပါက  လယ်ယာထွက်ကုန်များ ဈေးကွက်သို့ အချိန်မီ တင်ပို့နိုင်မည်ဖြစ်သောကြောင့် ဒေသခံကျေးရွာပြည်သူများအတွက် များစွာအကျိုးကျေးဇူးရရှိခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)