ပန်းတောင်း အောက်တိုဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ စူးစမ်းလေ့လာမှုအားကောင်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်းကာ အ.ထ.က ဆင်တဲကျောင်းတွင် အောက်တိုဘာ ၁၇ ရက်နေ့ နံနက်ပိုင်းက လူငယ်စကားဝိုင်းကျင်းပခဲ့သည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်မြတ်ထွေးကအဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက လူငယ်စကားဝိုင်းကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် လူငယ်များ အချင်းချင်းတိုင်ပင်ညှိနှိုင်းဆွေးနွေးတတ်စေရန်၊ လူအများရှေ့၌ ရဲဝံ့စွာစကားပြောဆိုတတ်စေရန်၊ အတွေးအမြင်များကျယ်ပြန့်လာစေရန်၊ မိမိတို့သိထားသော ဗဟုသုတများကို အချင်းချင်း ပြန်လည်မျှဝေတတ်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းများ ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ အ.ထ.က ဆင်တဲကျောင်းမှ မလင်းလက်မြင့်မိုရ် Grade-10 က “မိမိကိုယ်ကိုတန်ဖိုးထား" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မသင်းရနံ့ခင် Grade-11 က “Gameကပေးတဲ့အောင်မြင်ရေးသော့ချက်” ခေါင်းစဥ်ဖြင့် လည်းကောင်း၊ မောင်ခန့်တည်ကြည် Grade-11 က “လူငယ်များထားရှိရမည့်စိတ်ဓာတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်စွမ်းရည်ထက် Grade-10 က “လူငယ်နှင့်အခွင့်အလမ်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ချမ်းမြေ့ပိုင် Grade-10 က“လူငယ်နှင့်အနာဂတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးကြပြီး ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူ (၁၁၀) ဦး တက်ရောက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)