သရက်ချောင်း အောက်တိုဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယ ပညာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အောက်တိုဘာ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးအေးက ကျောင်းသား၊ ကျောင်းသူများအား မိမိတို့လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းစဉ်နှင့် လုပ်ဆောင်ချက်များအကြောင်းကို ပြောကြားခဲ့ပြီးနောက် အသိပညာပေးဟောပြောရာတွင်အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများအကြောင်း၊ အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေသော အလုပ်ရှင်များအား ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း၊ အရေးယူနိုင်သည့် ဥပဒေများအကြောင်း၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံခဲ့ရသော ကလေးအလုပ်သမားများ အား ပြန်လည်ကုစားရေးနည်လမ်းများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးလင်းနိုင်ဦးက အားကစားနည်းများအကြောင်း၊ ပြေးခြင်း၏ ထိပ်တန်းအကျိုးကျေးဇူး (၁၀)ချက်၊ အားကစားပြုလုပ်ခြင်းဖြင့်ရရှိသည့်အကျိုးကျေးဇူးများအကြောင်း၊ အားကစား ၏ အဓိပ္ပါယ်၊ လမ်းလျှောက်ခြင်းဖြင့်ရရှိနိုင်သော အကျိုးကျေးဇူးများအကြောင်းကို ကျောင်းသား၊ ကျောင်းသူများ သိရှိနားလည်စေရန်အကျယ်တဝင့် ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် လူငယ်နှင့်စာဖတ်ခြင်းအကြောင်းအရာများ၊ စာဖတ်ခြင်းဖြင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများအကြောင်းကို ဆွေးနွေး ပြောကြားခြင်း၊ မိမိတို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် အသိပညာဗဟုသုတရရှိစေရန် စာအုပ်စာပေများနှင့် သုတ၊ ရသ၊ စာအုပ်စာစောင်များကို အခမဲ့လာရောက်ဖတ်ရှုပြီး ငှားရမ်းလိုပါက စာကြည့်တိုက် အသင်းဝင်၍ အခမဲ့ငှားရမ်းနိုင် ကြောင်းရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများက အားကစားဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ များတိုးပွားလာစေရန် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနံရံကပ်စာစောင်များ ပြသခြင်းနှင့်အသစ်ရောက်ရှိလာသောသုတ/ရသစာအုပ်စာစောင်များအား ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)