ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်

ပြည်ကြီးမဏ္ဍိုင် အောက်တိုဘာ ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ အခြေခံပညာအလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို အောက်တိုဘာ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခြေခံပညာဦးစီးဌာနမှ လက်ထောက်မူပြ ဒေါ်သီတာအေးမောင်က ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများဖြစ်သည့် အရွယ်မတိုင်မီ ကလေးအလုပ်သမားဘဝသို့မရောက်စေရန်အတွက် မိဘများမှသတိထားရမည့်အချက်များ၊ ငယ်ရွယ်စဉ်ဘဝတွင် ပညာရေးကို ဦးစားပေးသင့်သည့် အခြေအနေများ၊ မိဘနှင့်သားသမီးကြား ဆက်ဆံရေးအကြောင်းအရာများ၊ ကလေးငယ်များ လမ်းမှန်ပေါ်ရောက်ရှိစေရန် ထိန်းကျောင်းပေးရမည့်အခြေအနေများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များအား ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။

ပြည်ကြီးမဏ္ဍိုင် (ပြန်/ဆက်)