အိမ်မဲ အောက်တိုဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို အောက်တိုဘာ ၁၇ ရက်နေ့ နံနက် (၁၀) နာရီကကျင်းပခဲ့သည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားခဲ့ပြီး လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ရည်မှန်းချက်ခေါင်းစဉ်များဖြင့် ဟောပြောခဲ့သည်။
ဆက်လက်ပြီးစာဖတ်ရှိန်မြှင့်တင်ရေးအနေဖြင့်ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည် ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများကျင်းပရာ အ-မ-က မြို့မ (၂)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို တာဝန်ရှိသူ များက ဆုများပေးအပ် ချီးမြှင့်ခဲ့သည်။
ယင်းနောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်၊ စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ အမှိုက်စွန့်ပစ်မှုအသိပညာပေး နံရံကပ်စာစောင်များကိုပြသပေးခဲ့ပြီး ပလတ်စတစ်၏ဆိုးကျိုးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များ ကို ဖြန့်ဝေပေးခဲ့သည်။
အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာ၊ ဗဟုသုတများရရှိစေမည့် ဟောပြောပွဲများ၊ ပြပွဲများအပြင် လူအများရှေ့တွင် ယှဉ်ပြိုင်ရသော ပြိုင်ပွဲများကို မြို့နယ် Community Centre ခန်းမတွင်ကျင်းပသလို အခြေခံပညာဦးစီးဌာနများ သို့သွားရောက်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ လူငယ်စကားဝိုင်းများကိုလည်း လစဉ်ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)
 
     
     
     
     
     
    