ကျောင်းပြင်ပ ပညာရေး ကျောင်းသား/သူများ ထားဝယ်တက္ကသိုလ် သို့ သွားရောက်ကြည့်ရှုလေ့လာ

ထားဝယ်        အောက်တိုဘာ  ၁၉

ကျောင်းပြင်ပ ပညာရေးကျောင်းသား၊ ကျောင်းသူများအနေဖြင့်အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ ကျောင်းစာအပြင်   ပြင်ပဗဟုသုတများတိုးပွားစေရေးနှင့် ပြင်ပစာပေများကိုပါ   လေ့လာဖတ်ရှုကြစေရန် ရည်ရွယ်၍ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာမှဦးဆောင်၍ ကျောင်းပြင်ပပညာရေးကျောင်းသား/သူများက ထားဝယ်တက္ကသိုလ်သို့ လေ့လာရေးခရီးစဉ်အဖြစ် သွားရောက် ကြည့်ရှု လေ့လာသည်။

ဦးစွာ ကျောင်းသား/သူများအား ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာ သန်းသန်းဦး၊ ဒုတိယပါမောက္ခချုပ်နှင့် ဘာသာရပ်အသီးသီးမှ ပါမောက္ခဌာနမှူးများက နွေးထွေးပျူငှာစွာကြိုဆိုပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက် ကူးသည်။

ထို့နောက် ကျောင်းသား/သူများက သာသာရပ်ဌာနအသီးသီးရှိပြခန်း(၁၀)ခန်းအား စိတ်ပါဝင်စားစွာ လှည့်လည် ကြည့်ရှုပြီးလေ့လာမှတ်သားကာ သာသာရပ်ဌာနအသီးသီးမှ ဌာနမှူးများက ဘာသာရပ်ဆိုင်ရာ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် ဘာသာရပ်တစ်ခုချင်းအလိုက် လိုက်လံရှင်းလင်းပြသသည်။

ဆက်လက်၍ကျောင်းသား/သူများ၊ ဆရာ/မများ သင်ကြားသင်ယူမှုတွင် အထောက်အကူဖြစ်စေရည်ရွယ်၍ ဖွင့်လှစ်ထားရှိသည့်  စာကြည့်တိုက်အား ကျောင်းသား/သူများက ကြည့်ရှုအားပေးပြီး ကျောင်းသား/ သူများက ကျောင်းများတွင် ပြုလုပ်ကျင်းပပေးနေသည့် ကဗျာနှင့်စာစီစာကုံးပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင် နိုင်ရန်အတွက် သိရှိလိုသည် များကိုမေးမြန်းရာ သက်ဆိုင်ရာဌာနမှူးက ပြန်လည်ဖြေ ကြားသည်။

ယင်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးက ကျောင်းသား /သူများအနေဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားမပြုလုပ်ရသေးသူများ ရှိပါက ဆောင်ရွက်ပေး သွားမည်ဖြစ် ကြောင်းပြောကြားပြီး လောင်းလုံးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္က က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ကျောင်းပြင်ပ ပညာရေးကျောင်းသား၊ ကျောင်းသူများအား ထားဝယ်တက္ကသိုလ်က နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်းသတင်းရရှိသည်။

ငွေဇင်ယော်(ထားဝယ်)