ဖြူးမြို့နယ် ကညင်မြှောင်ကျေးရွာ မူလတန်းလွန်ကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြော၍ စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်

ဖြူး အောက်တိုဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဖြူးအရှေ့ကျေးရွာအုပ်စု၊ ကညင်မြှောင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)ရှိ ကျောင်းသား၊ ကျောင်းသူများ အကျင့်စာရိတ္တ ကောင်းမွန်စေရေး၊ အသိပညာဗဟုသုတများရရှိစေရေး၊ ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများရရှိစေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အောက်တိုဘာ ၁၇ ရက်နေ့ မွန်းလွဲ(၁)နာရီ အချိန်က လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အိမာဟိန်းက မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအမျိုးမျိုးအကြောင်းကို အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများအား အသိ ပညာပေးဟောပြော၍ မူးယစ်ဆေးဝါး ဆိုးကျိုးများအကြောင်း အသိပညာပေးနံရံကပ် စာစောင်များပြသပေးခြင်း၊ စာအုပ်ပြပွဲများ ဆောင်ရွက်ပေးကြကြောင်း သိရသည်။

ထို့အပြင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နွယ်နွယ်အေးနှင့် ဝန်ထမ်းများက KGတန်း၊ မူလတန်းအရွယ် ကလေးငယ်များအား ပုံပြင်ပြော အစီအစဥ်များ ဆောင်ရွက်ပေးခြင်း၊ သုံးဘီးဆိုင်ကယ်ဖြင့် ကလေးစာပေများအား ဖတ်ရှုစေခြင်း၊ မူးယစ်ဆေးဝါး ဆိုးကျိုးများကို အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးခြင်းများကိုဆောင်ရွက်ပေးကြကြောင်းသိရသည်။

နေမျိုးလွင် (ပြန်/ဆက်)