ငွေဆောင် အောက်တိုဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ မြို့အုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ အောက်တိုဘာ ၁၇ ရက်နံနက်(၁၀း၃၀)အချိန်က ဆေးလိပ်ငွေ့ကင်းစင်သော ငွေဆောင်ကမ်းခြေဒေသဖော်ဆောင်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲ၌ မြို့အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းကိုက ဆေးလိပ်ဆေးရွက်ကြီးသုံးစွဲမှုကြောင့် လူဦးရေ (၈)သန်းကျော် သေဆုံးနေရပြီး အဆိုပါ(၈)သန်းကျော်အနက် လူဦးရေ(၁.၂)သန်းသည် ကိုယ်တိုင်သုံးစွဲခြင်းကြောင့်မဟုတ်ဘဲ အခြားသူသောက်သုံးသည့် ဆေးလိပ်ငွေ့ (Second-hand smoke)ကြောင့် ရောဂါများဖြစ်ပွားရကြောင်း၊ ၂၀၁၆ ခုနှစ်၊ မေလတွင် “ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဥပဒေ” ကိုပြဋ္ဌာန်းထားရှိပြီးဖြစ်၍ ဥပဒေပါရည်ရွယ်ချက်အတိုင်း နှီးနွှယ်ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးအဖွဲ့များ၊ မိတ်ဖက်အဖွဲ့အစည်းများမှ ဆေးလိပ်ငွေ့ကင်းစင်နယ်မြေ/ ဒေသများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ငွေဆောင်ကမ်းခြေသည် ဧရာဝတီတိုင်းဒေသကြီး၏ထင်ရှားသော ကမ်းခြေဒေသဖြစ်ပြီး ပြည်တွင်း/ ပြည်ပခရီးသွားဧည့်သည်များ အများဆုံးလာရောက်လည်ပတ်ကြသည့် မြို့ဖြစ်သည့်အလျောက် ဆေးလိပ်သောက်သုံးမှုမရှိစေရန်နှင့် ဆေးလိပ်ငွေ့ကင်းစင်နယ်မြေများ ပေါ်ပေါက်လာစေရန် “Smoke Free Notification” ထုတ်ပြန်၍ “Smoke Free Tourism” နယ်မြေဖြစ်အောင်ဖော်ဆောင်ရေး၊ “ASEAN Smoke Free Award” ရရှိနိုင်ရေး၊ “Smoke Free Ngwe Saung Beach” ဖြစ်လာစေရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း အမှာစကားပြောခဲ့ပြီးနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက ဆေးလိပ်ငွေ့ကင်းစင်သော ငွေဆောင်ကမ်းခြေဒေသဖြစ်လာစေရေးအတွက် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ အသိပေးဆွေးနွေးပွဲသို့ မြို့အုပ်ချုပ်ရေးမှူးနှင့်မြို့အဆင့်ဌာနဆိုင်ရာများ၊ ဟိုတယ်/ မိုတယ်/ တည်းခိုခန်းများမှ တာဝန်ရှိသူများ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများ၊ စုစုပေါင်း (၄၀)ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
R – 014 (ငွေဆောင်)