ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပုသိမ်ဇုန်ကိုယ်စားပြု ဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်

ပုသိမ် အောက်တိုဘာ ၁၉

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပုသိမ်ဇုန်ကိုယ်စားပြု  အမျိုးသား၊ အမျိုးသမီးဘောလုံး အသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယမန်န်နေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူ များနှင့်အတူ တက်ရောက်၍ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ပုသိမ်တက္ကသိုလ်တွင် အားကစားပွဲများကျင်းပသည့်အခါတိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တက်ရောက်အားပေးချီးမြှင့်ခဲ့ပါကြောင်း၊ ၂၀၂၄-၂၀၂၅ ပညာ သင်နှစ် တက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် တက္ကသိုလ်များ (ပုသိမ်ဇုန်) အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲပြုလုပ်၍ လူရွေးချယ်ခြင်းများ၊ စခန်းသွင်း လေ့ကျင့်ခြင်းများကိုလည်း စနစ်တကျပြင်ဆင်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အနေဖြင့် အားကစားကဏ္ဍတွင် တစ်နှစ်ထက်တစ်နှစ်တိုးတက်လာပြီး  ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲတွင်လည်း တိုင်းဒေသကြီးမှ ဒုတိယနေရာတွင် ရပ်တည်နေပါကြောင်းနှင့် ရှေ့ဆက်အောင်မြင်မှုများရရှိရန် လူ့စွမ်းအားအရင်းအမြစ်များကို ပိုမိုမွေးထုတ်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊  ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက ဇုန်အလိုက်တက္ကသိုလ်များကို စုပေါင်းပြီး ဇုန်ကြီး ၈ ဇုန်ခွဲကာ ဘောလုံးပြိုင်ပွဲများ ကျင်းပပြုလုပ် ခဲ့ရာတွင် ပုသိမ်ဇုန်အနေဖြင့်  အစဉ်လာကောင်းများနှင့် ဆုများကို နှစ်စဉ်ရရှိထားခဲ့ပါကြောင်း၊ တက္ကသိုလ်ပေါင်းစုံ(ဇုန်အလိုက်)အမျိုးသား၊ အမျိုးသမီးဘောလုံးအားကစားပြိုင်ပွဲတွင် ပုသိမ်ဇုန် ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် ယခုပြိုင်ပွဲကတစ်ဆင့် တိုင်းဒေသကြီးအဆင့်၊ တိုင်းဒေသကြီးမှတစ်ဆင့် နိုင်ငံတော်အဆင့်ထိအောင် ဂုဏ်ဆောင် နိုင်ကြသည့် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားကြရန်လိုပါကြောင်းနှင့် အောင်မြင်မှုများနှင့်အတူ ဧရာမြေကိုပြန်လာနိုင်ကြပါစေကြောင်း” တိုက်တွန်းအမှာစကား ပြောကြားပြီး တာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများက မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား ခွဲစိတ်ကုသပေးနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ရာ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနဌာနမှူးက မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား ခွဲစိတ်ကုသပေးမည့်အခြေအနေများအား လိုက်လံရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ်ကုသရန်စောင့်ဆိုင်း နေသည့်လူနာများနှင့် ခွဲစိတ်ကုသမည့်လူနာများအား လိုက်လံကြည့်ရှုအားပေးစကားများ ပြောကြားခဲ့ကာ အမှတ်တရလက်ဆောင်များနှင့် စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။

ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများက မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ်ကုသပေးမည့်လူနာ(၆၆)ဦးရှိသည့်အနက်မှ  ယနေ့တွင် (၂၅)ဦးအား ခွဲစိတ်ကုသပေးသွားမည်ဖြစ်ပြီး  ကျန်ရှိသည့်လူနာများနှင့် ဆက်လက်လာရောက်ပြသမည့် လူနာများ ကိုလည်း ယခုလ ၂၂ရက် နေ့အထိ ထပ်မံခွဲစိတ်ကုသပေးသွားဖြစ်ကြောင်း သိရသည်။

လှမင်းထွဋ်