ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းရာသီ၌ ပဲမျိုးစုံ ဧက ၁၉၀၀၀ ကျော်စိုက်ပျိုးရန်လျာထား

ကျွန်းလှ အောက်တိုဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆောင်းရာသီ၌ ပဲမျိုးစုံဧက ၁၉၀၀၀ ကျော် စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျွန်းလှမြို့နယ်တွင် ပဲမျိုးစုံစိုက်ပျိုးရန်လျာထားမှုအဖြစ် မတ်ပဲ ၁၁၇၂၅ ဧက၊ ထောပတ်ပဲ ၁၈ ဧက၊ ကုလားပဲ ၂၃၉ ဧက၊ စားတေယ်ပဲ ၅၂၅၅ ဧက၊ စွန်တာပြာ ၂၁၃၁ ဧက၊ ပဲရာဇာ ၄၂၅ ဧက ဖြစ်ကြောင်းသိရသည်။

 “ဒီနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပဲမျိုးစုံစိုက်ပျိုးဖို့ ၁၉၇၉၃ ဧကလျာထားပါတယ်။ အခုလက်ရှိ အချိန်ထိ ၃၃၄၃ ဧက စိုက်ပျိုးပြီးဖြစ်ပါတယ်။ ပဲမျိုးစုံကို ဆောင်းရာသီမှာ အဓိကစိုက်ပျိုးကြပြီး သီးထပ် သီးညှပ်စိုက်ပျိုးကြဖို့နဲ့ တိုးချဲ့စိုက်ကြဖို့ တောင်သူတွေနဲ့ ဆွေးနွေးလျက်ရှိပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

အဆိုပါ ပဲမျိုးစုံစိုက်ပျိုးသည့်တောင်သူများအား မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ သဘာဝမြေဩဇာ၊ သဘာဝပိုးသတ်‌ဆေးနှင့် ပိုးနှင်ဆေးများ ပြုလုပ်သုံးစွဲရေးတို့ကို အသိပညာပေးလျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို