ပွင့်ဖြူမြို့နယ်၌ ကျောင်းအခြေပြု ဆုံဆို့မေးခိုင်နှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးများကွင်းဆင်းထိုးနှံပေး

ပွင့်ဖြူ  အောက်တိုဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ ကျောင်းအခြေပြု အသက် ငါးနှစ်မှ ခုနစ်နှစ် KG ကျောင်းသားကျောင်းသူများအား ဆုံဆို့မေးခိုင်နှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို အောက်တိုဘာ ၁၇ ရက်နေ့က ရှောက်တော ကျေးရွာအခြေခံ ပညာမူလတန်းကျောင်း၊ မကြီးကုန်းကျေးရွာအခြေခံပညာမူလတန်းကျောင်းနှင့် ကံသာကြီးကျေးရွာအခြေခံပညာအထက်တန်းကျောင်းတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကျောင်းအခြေပြု ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာရဲလင်းတိုး ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ရောဂါဖြစ်ပွားမှု ကင်းဝေး စေရန် ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ ဆုံဆို့မေးခိုင် ရောဂါကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေး ဟောပြောခဲ့သည်။

ထို့နောက် ကျန်းမားရေဝန်ထမ်းများက ဆရာ၊ ဆရာမများနှင့်ပူးပေါင်း၍ ရှောက်တောကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ မကြီးကုန်းကျေးရွာအခြေခံပညာမူလတန်းကျောင်းနှင့် ကံသာကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတို့ရှိ ကျောင်းသား၊ ကျောင်းသူများကို လိုအပ်သော ကျန်းမာရေးစမ်းသပ်စစ်ဆေးမှုများပြုလုပ်၍ ဆုံဆို့မေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးများကို စနစ်တကျ ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများကျန်းမာရေး အသိပညာဗဟုသုတ တိုးပွားစေရေး၊ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာဆည်းပူးသင်ကြားနိုင်ရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲလင်းတိုး၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊ ကျောင်းအခြေပြု ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)