မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအထက်တန်းဆင့်သင် ဆရာ၊ ဆရာမများအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့် ဆွေးနွေးပွဲ အခမ်းအနားတက်ရောက်

မကွေး အောက်တိုဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ မကွေးတက္ကသိုလ်နှင့် မကွေးတိုင်းဒေသကြီးပညာရေးမှူးရုံးတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအထက်တန်းဆင့်သင် ဆရာ၊ ဆရာမများအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့် ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မကွေးတက္ကသိုလ်၊ ဘွဲ့နှင်းခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့ဝင် ဝန်ကြီးများ၊ မကွေး တက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ ပညာရေးဌာနမှ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ဘာသာရပ် ဆိုင်ရာနည်းပြများ၊ ဆွေးနွေးပွဲတက်ရောက်မည့် ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူသားအရင်းအမြစ်က အဓိကအကျဆုံး ဖြစ်သလို လူ့စွမ်းအားအရင်းအမြစ်တွေ တိုးတက်ဖွံ့ဖြိုးစေဖို့ကလည်း ပညာရေးမြင့်မားဖို့က အရေးပါကြောင်း၊ အခြေခံပညာအထက်တန်းဆင့်ကို သင်ရိုးသစ်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေရာ သိပ္ပံဘာသာရပ် များဖြစ်တဲ့ ဓာတုဗေဒ၊ ရူပဗေဒ၊   ဇီဝဗေဒဘာသာရပ်များမှာ လက်တွေ့သင်ခန်းစာများ သင်ကြားရာ တွင် အခက် အခဲတစ်ချို့ တွေ့ကြုံနေရတဲ့အတွက် တာဝန်ရှိသူများက သင်ထောက်ကူ လက်တွေ့ အသုံးချသင်တန်း နှင့် စွမ်းရည်မြှင့်ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ပေးတာဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဆွေးနွေးပွဲများ ဖွင့်လှစ်ပို့ချခြင်းဖြင့် ဆရာ၊ ဆရာမ များရဲ့ စွမ်းဆောင်ရည်ကို စဉ်ဆက်မပြတ် မြှင့်တင်ရာရောက်သလို မိမိတို့ရဲ့ အသိပညာများကို ပြန်လည်ပို့ချသင်ပြရမည့် ဆရာ၊ ဆရာမများအနေနဲ့ကျောင်းသား၊ ကျောင်းသူလေးများရဲ့ ပညာရည်မြင့်မားတိုးတက်စေရန်အတွက်လည်း များစွာအထောက် အကူပြု လိမ့်မယ်လို့ မျှော်လင့်မိပါကြောင်း၊ ယခု တက်ရောက်လာကြတဲ့ ဆရာ၊ ဆရာမများအနေနဲ့ သင်ရိုး သစ်ပညာရေး စနစ်သစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ သင်ကြား၊ သင်ယူမှု အောင်မြင် စေရန်အတွက် အဓိကလိုအပ်တဲ့ ဘာသာရပ်ကျွမ်းကျင်မှုအတွက် တစ်ဖက်က ကြိုးစားလေ့လာရင်း ထိရောက်အောင်မြင်အောင် ဘယ်လိုသင်ကြားပေးရမလဲဆိုတဲ့ သင်နည်း စနစ်ကိုပါ ကြိုတင်တွေးတော ပြင်ဆင်ထားကြပါလို့ မှာကြားလိုကြောင်း၊ “ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့” ဆိုတဲ့ဆောင်ပုဒ်နှင့် အညီ နိုင်ငံတော် ကြီးကို တည်ဆောက်ရာမှာ ပညာရေးသည်  အဓိကအခန်းကဏ္ဍမှ ပါဝင်ကာ၊ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ထူးချွန်ထက်မြက်ပြီး အရည်အသွေးပြည့်ဝတဲ့ ဆရာများစွာ လိုအပ်သလို ထူးချွန်ထက်မြက်ပြီး အရည်အသွေးပြည့်ဝတဲ့ ဆရာတစ်ယောက် ဖြစ်လာစေဖို့ အထောက်အကူရရှိမဲ့ သင်ယူလေ့လာမှုတိုင်းကို စနစ်သစ်ပညာရေးကို စဉ်ဆက် မပြတ်လေ့လာသင်ယူနေမှသာ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်မှာဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများ အရည်အသွေးပြည့်ဝနေမှသာ တွေးခေါ်ကြံဆ ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိဉာဏ်ရှိပြီး ဗလငါးတန်နဲ့ပြည့်စုံတဲ့ နိုင်ငံ့သားကောင်းတွေကို မွေးထုတ်ပေးနိုင်မှာ ဖြစ်ပါကြောင်း၊ “ပညာရေးသည် နိုင်ငံအရေးဖြစ်သည်”ဆိုတဲ့အတိုင်း နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပညာရည်ပြည့်ဝသော အသိ ပညာရှင် အတတ်ပညာရှင်များစွာရှိရန် လိုအပ်ကြောင်း၊ ဆွေးနွေးပွဲမှာ သင်ကြားပို့ချပေးလိုက်တဲ့ သင်ခန်း စာတွေကို တက်တက်ကြွကြွနဲ့ ပြည့်ဝစွာသင်ယူခြင်းဖြင့် ဆရာ၊ ဆရာမကောင်းတို့ရဲ့ အရည်အချင်းတွေ  တိုးတက် လာမှာဖြစ်ပြီး၊ မိမိတို့သင်ကြားပို့ချရမဲ့ ဘာသာရပ်ကို ကျွမ်းကျင်ပိုင်နိုင်ရုံမျှသာမက ကလေးများ ကိုယ်တိုင်သင်ယူခွင့်တွေ တိုးတက်လာအောင် လေ့ကျင့်ပြုစုပေးနိုင်မှသာ သင်ကြားရေး အောင်မြင်သော ဆရာ၊ ဆရာမများအဖြစ် ရပ်တည်နိုင်မှာဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ မကွေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာချိုချိုလွင်က သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး ဆွေးနွေးပွဲဆိုင်ရာများအား   ရှင်းလင်းတင်ပြခဲ့သည်။ 

အဆိုပါသင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့် ဆွေးနွေးပွဲကို မကွေးတက္ကသိုလ်တွင် မကွေးတက္ကသိုလ်ရှိ ဘာသာရပ်ကျွမ်းကျင် နည်ပြများ၊ ကထိကများနှင့် ပါမောက္ခများမှ သိပ္ပံဘာသာရပ် အထက်တန်း အဆင့်သင် ဆရာ၊ ဆရာမ (၁၄၇၅)ဦးတို့အား အောက်တိုဘာလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ လက်တွေ့သင်ကြားပြသသွားမည်ဖြစ်ကြောင်းသိရသည်။

မောင်ညီညာ