လွိုင်ကော် အောက်တိုဘာ ၁၉
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လွိုင်ကော်မြို့တော်အား သန့်ရှင်းသောမြို့၊ စိမ်းလန်းသောမြို့ဖြစ်စေရေး အလေးထားဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့အဝင်လမ်းတစ်လျှောက်နှင့် အားကာသိပ္ပံကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့အဝင်လမ်းမကြီး ဘေးဝဲယာတစ်လျှောက်တွင် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
ပြည်နယ်ဝန်ကြီးချုပ် လမ်းဘေးဝဲယာ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေး၊ ပန်းအလှပင်များစနစ်တကျ ပြုစုထိန်းသိမ်းခြင်း၊ သစ်ပင်များအား အလင်းဖွင့်ခြင်းအား စနစ်တကျဆောင်ရွက်ရန်နှင့် စုပေါင်းစိုက်ပျိုးထားသည့်သစ်ပင်များ ရှင်သန်ကြီးထွားစေရေး ပြုစုထိန်းသိမ်းရန်နှင့် ချုံမြက်များ ရှင်းလင်းရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)ကျောင်း ပတ်ဝန်းကျင်နှင့် လမ်းမကြီးဘေးတစ်လျှောက် ကျောင်းသား၊ ကျောင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးရာ ကျောင်းအုပ်ကြီးက ကျောင်းဖွင့်လှစ်တက်ရောက်မှုအခြေအနေများနှင့် လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာရေး စဉ်ဆက်မပြတ်ဆောင်ရွက်နှင့် ကျောင်းအဝင်မုခ်ဦးအား သပ်ရပ်လှပအောင် ပြန်လည်ဆေးသုတ်ပြုပြင်ရန် တာဝန်ရှိသူများအားမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)