ပြည် အောက်တိုဘာ ၁၉
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲနှင့် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အခြေခံပညာအထက်တန်းဆင့်သင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြည်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်နှင့် တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။
ဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က အမျိုးသားပညာရည်မြင့်မားရေးနှင့် လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်းကြိုးစားဆောင်ရွက်ကြရန် အမှာစကားပြောကြားသည်။ ဆက်လက်၍ ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဇော်က ဆွေးနွေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားပြီး ပြည်တက္ကသိုလ်အနုပညာအသင်းမှ ကျောင်းသား၊ ကျောင်းသူများအဖွဲ့က အလှကမ္ဘာမြေသီချင်းဖြင့် ကပြဖျော်ဖြေကြသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက ပြည်တက္ကသိုလ် ဝိဇ္ဇာ/သိပ္ပံဆောင်များ၌ တက္ကသိုလ်ဝင်အောင်ချက်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲနှင့် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး သင်ကြား/ သင်ယူဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ တက္ကသိုလ်ဝင်အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲနှင့်သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေးဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင်၊ သာယာဝတီခရိုင်နှင့် နတ်တလင်းခရိုင်အတွင်း မြို့နယ်များရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ အခြေခံပညာအထက်တန်းဆင့်သင်ကြားရေး ဆရာ၊ ဆရာမ စုစုပေါင်း ၁၃၇၀ဦး တက်ရောက်ကြပြီး အောက်တိုဘာ ၁၈ ရက်မှ ဒီကနေ့ အောက်တိုဘာ ၁၉ ရက်အထိဖြစ်ကြောင်း သိရသည်။
ကိုဆက် (ပြန်/ဆက်)