လွိုင်ကော် အောက်တိုဘာ ၁၉
နယ်မြေဒေသအခြေအနေများ ပြန်လည်တည်ငြိမ် အေးချမ်းလာပြီဖြစ်သည့် ဒီးမော့ဆိုမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများအတွင်း ပြည်သူများပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိရာ ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြန်လည်ဝင်ရောက်နေသည့် ပြည်သူများအား စနစ်တကျ နေရာချထားပေး နိုင်ရေးအတွက် အောက်တိုဘာ ၁၈ ရက်နေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ဒီးမော့ဆိုမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိသည့် ပြည်သူများနှင့် တွေ့ဆုံ သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာ၊ ငွေတောင်ပြည်ပရိယတ္တိစာသင်တိုက်သို့ ရောက်ရှိကာ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသီရိန္ဒာစာရ အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ရပ်ကွက်နှင့် ငွေတောင်ဆည်ရပ်ကွက်များတွင် ပြန်လည် ဝင်ရောက်နေထိုင်လျက်ရှိသည့် ပြည်သူများနှင့်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြန်လည်ဝင်ရောက်နေထိုင်သည့် ပြည်သူများ စနစ်တကျ နေထိုင်နိုင် ရေးအတွက် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြန်လည်ဝင်ရောက်နေထိုင်သည့် ရပ်ကွက်၊ ကျေးရွာများတွင် သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ဘာသာရေးဆိုင်ရာကိစ္စရပ်များဆောင်ရွက်နိုင်ရန် စီမံပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင်မိမိတို့၏ မူလအသက်မွေးဝမ်းကျောင်း လုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေးအတွက် ကူညီပေးသွားမည်ဖြစ်ပါကြောင်း၊ ဒီးမော့ဆိုမြို့တွင်ရောက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ အနေဖြင့်လည်း မိမိတို့သက်ဆိုင်ရာဌာနများအလိုက် စနစ်တကျစိစစ်၍ ကူညီဆောင်ရွက်ပေးရန်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက နယ်မြေဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
တက်ရောက်လာသူများက လိုအပ်ချက်များနှင့် ဖြည့်ဆည်းပေးရန်အချက်များအား အသီးသီးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဆောင်ရွက်ပေးသွားမည့် အခြေအနေများအား ပြန်လည် ပြောကြားခဲ့ပြီး တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးကာ ပြည်သူများ လတ်တလော နေထိုင်စားသောက်မှုအဆင်ပြေစေရန်အတွက် ဆန်၊ ဆီ၊ ကြက်ဥနှင့် ခေါက်ဆွဲခြောက် များ ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒီးမော့ဆို မြို့နယ်စည်ပင်သာယာဈေး၊ စိုက်ပျိုးရေးသိပ္ပံကျောင်း၊ ငွေတောင်ဆည်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က မြို့တွင်းလမ်းမကြီးဘေးဝဲယာတစ်လျှောက်နှင့် မြို့မဈေးပတ်ဝန်းကျင်၊ စိုက်ပျိုးရေးသိပ္ပံကျောင်းနှင့် အ-ထ-က(ငွေတောင်)ကျောင်းဝင်းအတွင်း ချုံမြက်များရှင်းလင်းရန်နှင့် ပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်သည့် ရပ်ကွက်၊ ကျေးရွာတွင်း လမ်းများကိုလည်း ချုံမြက်များ ရှင်းလင်းပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ငွေတောင်ဆည်သို့ ရောက်ရှိကာ ဆည်ရေထိန်းတံခါးများ၊ ရေပေးမြောင်းများနှင့် လက်တံမြောင်းများ ပြန်လည်ပြုပြင်ဆောင်ရွက်ရန်၊ ဆည်တာပေါင်လမ်းတစ်လျှောက် ချုံမြက်များ ရှင်းလင်းရန်၊ ရပ်ကွက်နေပြည်သူများအတွက် သောက်သုံးရေ ပြန်လည်ပေးဝေနိုင်ရေး၊ ဆောင်းသီးနှံနှင့် နွေစပါးများ ပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် ဆည်ရေပြန်လည်ပေးဝေနိုင်ရေး စနစ်တကျ စီမံဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်−ဒီးမော့ဆိုလမ်း မိုင်တိုင်(၁၂၄/၆)တွင် (၅၀x၅၀x၄၀)ပေ သံကူကွန်ကရစ် ရေပြွန်လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးရာ ပြည်နယ်လမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးက လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအား ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်ကလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစေရေး၊ သတ်မှတ်ကာလပြီးစီးရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ဒီးမော့ဆိုမြို့နယ်၊ ဒေါပိုးစီကျေးရွာ၊ သာသနာ့ရံသီဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး ကျောင်းတိုက်ဆရာတော်အားဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် ဒေါပိုးစီးကျေးရွာအတွင်း ပြန်လည်ဝင်ရောက်နေထိုင်သည့် ပြည်သူများနှင့်တွေ့ဆုံ၍ သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် ဆောင်ရွက်ပေးသွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး ဆန်၊ ဆီ၊ ကြက်ဥနှင့် ခေါက်ဆွဲခြောက်များ ပေးအပ်ခဲ့သည်။
ဒီးမော့ဆိုမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ ပြန်လည်ဝင်ရောက်နေထိုင်သည့် ပြည်သူများ သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးစသည့် ကဏ္ဍစုံ၌ အဆင်ပြေချောမွေ့စေရေးအတွက် အရှိန်အဟုန်ဖြင့် စနစ်တကျ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ပြည်နယ်(ပြန်/ဆက်)