တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅−၂၀၂၆ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့်သင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်‌ ဆွေးနွေးပွဲအခမ်းအနား တက်ရောက်

ပုသိမ် အောက်တိုဘာ ၁၉

၂၀၂၅−၂၀၂၆ ပညာသင်နှစ် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေးအတွက် အခြေခံပညာအထက်တန်းဆင့်သင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်‌ဆွေးနွေးပွဲအခမ်းအနားကို  ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အခြေခံပညာအထက်တန်းအဆင့်သင် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေးအတွက် အခြေခံပညာအထက်တန်းဆင့်သင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်ဆွေးနွေးပွဲကို ယနေ့တွင် ခရိုင်များအလိုက်ပြုလုပ်လျက်ရှိရာ ယခုလို အရည်အသွေးမြှင့် ဆွေးနွေးပွဲများကို ပြုလုပ်ပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများအား သင်ကြားရာတွင် ပိုမိုထိရောက်စေမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲသည် အခြေခံပညာမှ အဆင့်မြင့်ပညာကို ကူးပြောင်းသင်ကြားနိုင်ရေးအတွက် မလွဲမသွေဖြတ်ကျော်ရမည်ဖြစ်ပါကြောင်းနှင့် ထူးထူးချွန်ချွန်ဖြင့် အောင်မြင်နိုင်ရေးအတွက်လည်း ဆောင်ရွက်ကြရန်လိုပါကြောင်း၊ ဆရာကြီး၊ ဆရာမကြီးများသည် သင်ကြားရေးတွင်သာမက နိုင်ငံတော်မှပေးအပ်သည့် တာဝန်များကိုလည်း ကျရာအခန်းကဏ္ဍမှ ဘက်စုံထောင့်စုံ ပါဝင်ကြိုးပမ်းဆောင်ရွက်နေကြသူများလည်းဖြစ်ပါကြောင်း၊ လာမည့်တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်မြင့်မားရေးနှင့် ထူးချွန်ထက်မြက်သည့်တပည့်များ ပေါ်ထွက်လာစေရေးအတွက် နယ်ပယ်အသီးသီးမှ တာဝန်ရှိသူများအားလုံးက ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သင်ကြားရေးတွင် တိုးတက်လာသည့်နည်းပညာမြင့် သင်ကြားမှုများဖြင့် မိမိတို့၏ တပည့်များအား ပြန်လည်သင်ကြားနိုင်ရေး ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက်လည်း ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း” အမှာစကားပြောကြားပြီး ဆရာ၊ ဆရာမများအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

၂၀၂၅−၂၀၂၆ ပညာသင်နှစ် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေးအတွက် အခြေခံပညာအထက်တန်းအဆင့်သင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်‌ဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်တက္ကသိုလ်၊ ဟင်္သာတတက္ကသိုလ်၊ မအူပင်တက္ကသိုလ်ရှိ နည်းပြဆရာ၊ ဆရာမ ၁၈၈ ဦးမှ အခြေခံပညာအထက်တန်းအဆင့်သင် ဓါတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒဘာသာရပ်သင် ဆရာ၊ ဆရာမ ၁၈၁၅ ဦးတို့ကို သက်ဆိုင်ရာတက္ကသိုလ်များအလိုက် ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင် ကျင်းပသည့် ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ (ပုသိမ်ဇုန်)၌ အုပ်စုနောက်ဆုံးနေ့ပွဲစဉ်အဖြစ် မွန်ပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့၏ အကြိတ်အနယ် ယှဉ်ပြိုင်ကစားနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ(ပုသိမ်ဇုန်)တွင် ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့က ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

လှမင်းထွဋ် (ပြန်/ဆက်)